ဦးပိုင်ကုမ္ပဏီနဲ့ တရားရင်ဆိုင်မှုမှာ ဂျပန် ကီရင်ကုမ္ပဏီ အနိုင်ရ

2022.01.26
ဦးပိုင်ကုမ္ပဏီနဲ့ တရားရင်ဆိုင်မှုမှာ ဂျပန် ကီရင်ကုမ္ပဏီ အနိုင်ရ စစ်တပ်ပိုင် ဦးပိုင်လီမိတက်နှင့် ဂျပန်ယမကာကုမ္ပဏီ ကီရင်တို့ ဖက်စပ်လုပ်ကိုင်သော Myanmar Brewery Ltd ရုံးကို ၂ဝ၁၆ ခုနှစ်က ဖေဖော်ဝါရီလက မြင်တွေ့ရစဉ်။
Photo: Myanmar Brewery Ltd

(၂၀၂၂ ဇန်နဝါရီ ၂၇ တွင် ပြင်ဆင်ထားသည်။)

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ ဂျပန်ယမကာကုမ္ပဏီဖြစ်တဲ့ ကီရင်တို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ မြန်မာဘီယာလုပ်ငန်း Myanmar Brewery Ltd ကို ဖျက်သိမ်းဖို့ ဦးပိုင်ကုမ္ပဏီဘက်က လျှောက်ထားခဲ့တာကို ပယ်ဖျက်ဖို့အတွက် တရားရုံးမှာ ယှဉ်ပြိုင်လျှောက်ထားမှုမှာ အနိုင်ရခဲ့တယ်လို့ ကီရင်ကုမ္ပဏီက မနေ့က ကြေညာခဲ့ပါတယ်။

ကီရင်ကုမ္ပဏီဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံက ထွက်ခွာဖို့ ကြေညာခဲ့ပြီးနောက် ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ကီရင်ကုမ္ပဏီနဲ့ မြန်မာနိုင်ငံမှာ အကျိုးတူပူးပေါင်းလုပ်ကိုင်မှုကို ဖျက်သိမ်းဖို့ ဦးပိုင်ကုမ္ပဏီက တရားရုံးမှာ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ချမှတ်လိုက်တဲ့အမိန့်ဟာ ကီရင်ကုမ္ပဏီနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ Myanmar Brewery Ltd, ရဲ့ လုပ်ငန်းတွေအပေါ်မှာ ထိခိုက်မှုရှိမှာ မဟုတ်ဘူးလို့ ကုမ္ပဏီရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကီရင်ကုမ္ပဏီဟာ မြန်မာနိုင်ငံက ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ မြန်မာဈေးကွက်ထဲမှာ ဆက်ရှိနေဖို့ မျှော်လင့်တဲ့အကြောင်း ကုမ္ပဏီတာဝန်ရှိသူတွေက ပြောထားပါတယ်။ မြန်မာစစ်တပ်ဘက်ကတော့ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်တာ မရှိသေးပါဘူး။

(မှတ်ချက်။ ။မူလအသုံးပြုထားသည့် သတင်းဓာတ်ပုံနေရာတွင် ၂၀၁၆ ဖေဖော်ဝါရီလက ပုံကို အစားထိုးလဲလှယ်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။