ပြည်သူတွေ သပိတ်မှောက်ထားတဲ့ မြန်မာဘီယာ ရောင်းအားတစ်ဝက်ကျော် ကျဆင်း

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.04.04
ပြည်သူတွေ သပိတ်မှောက်ထားတဲ့ မြန်မာဘီယာ ရောင်းအားတစ်ဝက်ကျော် ကျဆင်း ၂ဝ၂၁ ခုနှစ် မတ်လအစောပိုင်းက ရန်ကုန်မြို့တွင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာကို မဝယ်ယူရန် သပိတ်မှောက် နှိုးဆော်နေကြသူတချို့ကို တွေ့ရစဉ်။
Photo: မဝယ်နဲ့/Facebook

စစ်တပ်ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ မြန်မာဘီယာဟာ ပြည်သူတွေ သပိတ်မှောက်ထားတဲ့အတွက် ရောင်းအား တစ်ဝက်လောက် ကျသွားပြီလို့ သတင်းရရှိပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကာလအတွင်းမှာ ဂျပန်အဖျော်ယမကာလုပ်ငန်း ကီရင်ကုမ္ပဏီနဲ့ စစ်တပ်ရဲ့ဦးပိုင်လက်အောက်ခံ မြန်မာဘရူဝါကုမ္ပဏီက ပူးပေါင်းလိုက်ပြီးတဲ့နောက် ၂၀၁၈ ခုနှစ် စာရင်းတွေအရ ပြည်တွင်းဘီယာဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်အထိကို ရယူထားခဲ့တာပါ။

“ပြည်သူလူထုက ညီညီညွတ်ညွတ်နဲ့ သူတို့ထုတ်ကုန်တွေကို သပိတ်မှောက်လို့ သူတို့ဘက်မှာ ကြီးကြီးမားမား ထိခိုက်နေတာ ဖုံးမရ ဖိမရ ပေါ်လာတာပေါ့။”

ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်မှာတော့ ဒီအခြေအနေက ပြောင်းလဲသွားတယ်လို့ NUG အစိုးရအဖွဲ့ဝင် စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

စစ်တပ်ပိုင်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ ထုတ်ကုန်တွေကို ဝယ်ယူအသုံးပြုခြင်း၊ သိုလှောင်ဖြန့် ဖြူးရောင်းချခြင်းတွေ မပြုလုပ်ဘဲသပိတ်မှောက်ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ ကြေညာချက်ကို မနှစ်က မေလမှာ ထုတ်ပြန်လိုက်တဲ့နေရာမှာ မြန်မာဘီယာက ထိပ်ဆုံးကနေ ပါဝင်ပါတယ်။

အခုဆိုရင် စစ်တပ်ပိုင် ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ တိုက်တွန်းထားတာ တစ်နှစ်နီးပါး ကြာတဲ့အချိန်မှာ ရန်ကုန်မြို့က ဘီယာသောက်သုံးသူ အများအပြားဟာ သူတို့တစ်ချိန်က နှစ်ခြိုက်စွာသုံးခဲ့ကြတဲ့ မြန်မာဘီယာကို သပိတ်မှောက်ထားကြတယ်လို့ လုံခြုံရေးအရ ကိုဇော်ကြီးလို့ အမည်လွှဲပေးထားတဲ့ ရန်ကုန်မြို့သားတစ်ယောက်ကပြောပါတယ်။

“အခြား ဘီယာသောက်တော့လည်း၊ အခြား ဘီယာတွေက အစိုးရကို အခွန်ဆောင်ရတယ် ဆိုပေမဲ့လည်း အလုံးအရင်းလောက်ကို မရောက်စေချင်လို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ရှောင်တယ်။ နောက်ဆုံး မရှိရင် မသောက်တဲ့ ပုံစံမျိုးလောက်ထိကို နေလိုက်တယ်။ မြန်မာဘီယာကို”

ရန်ကုန်မြို့က စားသောက်ဆိုင် မန်နေဂျာတစ်ဦးဖြစ်တဲ့ ကိုဇော်နိုင်ကလည်း ပြီးခဲ့တဲ့ နှစ်ကတည်းက သူ့ရဲ့စားသောက်ဆိုင်မှာ မြန်မာဘီယာကို မရောင်းတော့တဲ့ အကြောင်းနဲ့ မြန်မာဘီယာတံဆိပ်နဲ့ ဆိုင်းဘုတ်ကိုမြင်ရင် စားသုံးသူတွေကလည်း မလာကြတော့ဘူးလို့ ပြောပါတယ်။

myanmar beer.jpg
၂ဝ၂၁ ခုနှစ် မတ်လအစောပိုင်းက မြန်မာဘီယာ မရောင်းချကြောင်း ကြော်ငြာကာ သပိတ်မှောက်ထားသည့် ရန်ကုန်မြို့တွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်။ (Photo: Justice for Myanmar)

ဒါကြောင့်လည်း တစ်ချိန်က မြန်မာဘီယာ ဆိုင်းဘုတ်တွေနဲ့ စည်ကားလေ့ရှိတဲ့ ရန်ကုန်မြို့ ၁၉ လမ်းက စားသောက်ဆိုင်တွေမှာ မြန်မာဘီယာဆိုင်းဘုတ်တွေ သိသိသာသာ လျော့နည်းသွားတာ တွေ့နိုင်ပါတယ်။

“ဒီ ၁၉ လမ်းက အရင်က မြန်မာစည်ဘီယာ ဆိုင်တွေချည်းပဲ။ အခုလာတဲ့အချိန်မှာ မြန်မာစည်ဘီယာဆိုင်ဆို တစ်ဆိုင်မှကို မတွေ့ရတော့ဘူး။ အကုန်လုံး တိုင်းဂါးတို့၊ တာဗိုတို့ချည်းပဲ။ အဲလို ပြောင်းလဲသွားတာ တွေ့ရတယ်” လို့ ကိုမိုးစက်လို့ အမည်လွှဲပေးထားတဲ့ ရန်ကုန်မြို့ခံတစ်ယောက်က ပြောပါတယ်။

အခုအချိန်မှာ မြန်မာပြည်သူတွေဟာ စစ်တပ်ထုတ်ကုန် မြန်မာဘီယာကို သပိတ်မှောက်တဲ့ လှုပ်ရှားမှုအပါအဝင် အကြမ်းမဖက်တဲ့ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု လုပ်နေတာ အောင်မြင်နေတဲ့အကြောင်း သိသာထင်ရှားတဲ့ ရလဒ်တွေ မြင်နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

“နံပါတ်တစ်အချက်က၊ သူတို့ အကြမ်းဖက်ယန္တရား လည်ပတ်ဖို့ရယ်၊ စစ်လက်နက်ဝယ်ယူဖို့ရယ် သူတို့ Budget Shortage အများကြီး ဖြစ်နေတာ။ ဒီလိုမျိုး စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်တဲ့အတွက် သူတို့ရဲ့ အဓိက ပင်မစီးပွားရေး ဖြစ်တဲ့ ဦးပိုင် တို့ MEC တို့အတွက်အမြတ်ငွေပေါ့။ ဦးပိုင်ဆိုရင် အမြတ်ငွေ ခွဲမပေးနိုင်တာ ခြောက်လလောက်ရှိပြီ။ ဒါတွေက အလိုလို ဖြစ်လာတာမဟုတ်ဘူး။ ပြည်သူလူထုက ညီညီညွတ်ညွတ်နဲ့ သူတို့ထုတ်ကုန်တွေကို သပိတ်မှောက်လို့ သူတို့ဘက်မှာ ကြီးကြီးမားမား ထိခိုက်နေတာ ဖုံးမရ ဖိမရ ပေါ်လာတာပေါ့။ ဒါကြောင့်မို့ ဒါတွေသည် ပြည်သူတွေရဲ့အနုနည်းနဲ့ အာဏာရှင်ကို တော်လှန်တဲ့ အသီးအပွင့်တွေပဲလို့ ပြောလို့ ရတာပေါ့။ ”

မြန်မာဘရူဝါကုမ္ပဏီရဲ့ စာရင်းတွေအရ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က မြန်မာဘီယာရောင်းအား ဂျပန် ယန်းငွေ ၁၃ ဒဿမ ၈ ဘီလီယံ၊ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၁၁ သန်း ရှိခဲ့ပေမယ့်၊ ၂၀၂၁ ခုနှစ်ကုန်ဆုံးချိန်မှာ ဂျပန်ယန်းငွေ ၆ ဒဿမ ၆ ဘီလီယံ၊ အမေရိကန် ဒေါ်လာနဲ့တွက်ရင် ၅ ဒဿမ ၄ သန်းပဲရှိတဲ့အတွက် တစ်ဝက်လောက်အထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

image (2).jpg
စစ်တပ်ထုတ်ကုန် မြန်မာဘီယာများအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်က TNLA တပ်သားများ သွန်ချဖျက်ဆီးနေစဉ်။ (Photo: CJ)

ပြည်သူတွေရဲ့ သပိတ်မှောက် လှုပ်ရှားမှုတွေအပြင် ပြည်တွင်းပြည်ပက လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဖိအားပေးတောင်းဆိုမှုတွေကြောင့် မြန်မာဘရူဝါကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ဂျပန် ကီရင်ကုမ္ပဏီဟာ ထွက်ခွာတော့မှာဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကြေညာခဲ့ပါတယ်။

ဒါပေမဲ့လည်း အခုလို စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ မြန်မာဘီယာကို သပိတ်မှောက်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ သိပ်မပါဝင်သေးတဲ့ မြို့ရွာဒေသတွေလည်း ရှိနေပါတယ်။

စစ်သား အများအပြားရှိတဲ့ နေပြည်တော်မှာဆိုရင် မြန်မာဘီယာကို တွင်တွင်ကျယ်ကျယ် သောက်သုံး နေကြဆဲဖြစ်ပြီး အကြမ်းဖက်ဖြိုခွင်းမှုတွေကို မခံရသေးတဲ့ ကျေးလက်ဒေသတွေမှာလည်း မြန်မာဘီယာကို ဆက်လက်သောက်သုံးနေကြပါတယ်။

ဒီအထဲမှာ ထင်သာမြင်သာ အရှိဆုံးကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာပါ။

“များသောအားဖြင့်တော့ သပိတ်မှောက်တာတွေ ဘာတွေတော့ ဒီမှာ သိပ်မတွေ့ရဘူးပေါ့။ ပုံမှန်အတိုင်း မြန်မာ ဘီယာရယ်လို့တော့ မဟုတ်ဘူး။ အချို့ဆိုရင် ဘီယာဖြစ်ရင် ပြီးရောဆိုပြီး သောက်ကြတာလည်း တွေ့ရပါတယ်” လို့ စစ်တွေမြို့ခံ ကိုထွန်းထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို စစ်ကောင်စီရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေ ကြုံတွေ့နေရပေမယ့် ရခိုင်ပြည်နယ်မှာတော့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်အကြား သဘောတူညီမှုနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲထားတဲ့အတွက် အတိုင်းအတာတစ်ခုအထိ ငြိမ်းချမ်းမှု ရှိနေတာ ဖြစ်ပါတယ်။

စစ်တွေမြို့ခံ နောက်တစ်ဦးဖြစ်တဲ့ ကိုညီညီကတော့ လက်ရှိ ရှိနေတဲ့ တည်ငြိမ်အေးချမ်းမှု မပျက်သေးသရွေ့တော့ မြန်မာဘီယာကို သောက်သုံးနေတာကို ပြောင်းလဲဖို့ မရှိဘူးလို့ ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။