ရှားတောမြို့နယ်က စစ်ကောင်စီတပ် ခြေကုပ်စခန်းကို KNDF သိမ်းယူ

ကယား (ကရင်နီ) ပြည်နယ် ရှားတောမြို့နယ်က စစ်ကောင်စီတပ် ခြေကုပ်ယူထားတဲ့ တငူးဆိုစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ဩဂုတ်လ ၂၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ကရင်နီတပ်မတော် (KA) နဲ့ KNDF ရဲ့ B17၊ B14 ပူးပေါင်းတပ်တွေက ဩဂုတ်လ ၂၀ ရက်နေ့မှာ သိမ်းယူခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စခန်းကို စွန့်ခွာသွားခဲ့လို့ ကျန်ခဲ့တဲ့ စစ်ကောင်စီ တပ်စခန်းနေရာတွေကို KNDF တပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။
တငူးဆိုစခန်းအပါအဝင် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ခြေကုပ်တပ်စခန်း ရှစ်ခုကို သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ Karenni Army Center- Kn.A.C က ဩဂုတ်လ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကရင်နီပြည်နယ် ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့ နယ်တွေအတွင်း အခု ဩဂုတ်လထဲမှာပဲ စစ်အင်အားတွေ အလုံးအရင်းနဲ့ ဖြည့်တင်း နေတယ်လို့ ကရင်နီပူးပေါင်းတပ်တွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
စစ်အင်အားဖြည့်တင်းမှုနဲ့အတူ အဲဒီမြို့နယ်တွေမှာ တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်နေတယ် လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်တွေမှာဆိုရင် ဩဂုတ်လ တတိယအပတ်အတွင်း စစ်ကောင်စီဘက်က တာဝေးပစ်လက်နက်ကြီးတွေနဲ့ အရပ်သားတွေ ရှိရာ နေရာတွေကို ပစ်ခတ်တာကြောင့် အရပ်သားထိခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း KNDF က ပြောပါတယ်။
ဩဂုတ်လ ၁၅ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှားတောမြို့နယ်တွေအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေ အကြား တိုက်ပွဲပေါင်း ၁၀ ကြိမ်နီးပါး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က သုံးဦး၊ ကရင်နီပူးပေါင်းတပ်တွေဘက်က တစ်ဦး သေဆုံးခဲ့တယ်လို့ KNDF နဲ့ ကရင်နီ အရပ်ဘက်အဖွဲ့အစည်းတွေက ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့်လည်း အရပ်သား ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အခုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) ရဲ့ ဩဂုတ်လ ၁၅ ရက်အထိ ထုတ်ပြန်ချက်အရ အာဏာသိမ်း ၁၈ လကျော်ကာလအတွင်း တိုက်ပွဲပေါင်း ၄၂၀ အထိ ဖြစ်ပွားခဲ့ပြီး ကရင်နီပူးပေါင်းတပ်တွေဘက်က ၁၄၉ ဦး၊ စစ်ကောင်စီတပ်ဘက်က ၁၃၀၆ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။