တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်KNU လက်မှတ်ရေးထိုးမည်
2015.08.16

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ပါ အချက်အလက်တွေကို လက်ခံတာကြောင့် တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးမယ်လို့ ကရင်အမျိုး သားအစည်းအရုံး KNU က ကြေညာလိုက်ပါတယ်။
ဒီရက်ပိုင်းအတွင်း KNU ထိန်းချုပ်နယ်မြေ ကော်သူးလေမှာ ပြုလုပ်တဲ့ အရေးပေါ် အစည်းအဝေးကနေ ဆုံးဖြတ်လိုက် တာဖြစ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
"ကရင်အဖွဲ့ ၃ ဖွဲ့ပေါ့လေ၊ DKBA ရယ်၊ ပြီးတော့ KNU၊ PC၊ RCSS/ SSA ရယ် လက်မှတ်ရေးထိုးကြမယ်၊ ကျန်တဲ့ အဖွဲ့ အစည်းတွေလည်း လက်မှတ်ရေးထိုးကြမယ်လို့ ယုံကြည်ပါတယ်၊ သူတို့ရဲ့အဖွဲ့အစည်းဆိုင်ရာ ကနေပြောရင်တော့ ပိုကောင်းတာပေါ့နော်"
အခုဆုံးဖြတ်ချက်ဟာ KNU ရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားတော့ မသိရှိရသေးပါဘူး။
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးဖို့ တိုင်းရင်းသားအဖွဲ့တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား အမြင်မတူညီတာတွေရှိနေပြီး သြဂုတ်လ ၂၁ ရက်နေ့ကနေ ၂၃ ရက် နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပမယ့် အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ရဲ့ တွေ့ဆုံပွဲမှာ KNU ရဲ့ ဆုံးဖြတ်ချက်ကို တင်ပြသွားဖို့ရှိတယ် လို့ ပြောပါတယ်။
တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပေါ်ခဲ့တဲ့ ကိုးကန့်တပ်မတော် MMDAA နဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ အစိုးရက လက်မခံနိုင်တဲ့အနေအထား ရှိပြီး ရခိုင်တပ်မတော်နဲ့ တအာင်းပလောင် လွတ်မြောက်ရေး တပ်မတော်တို့ကို လက်မှတ် ရေးထိုးဖို့အတွက် နောက်တဆင့်အနေနဲ့ စဉ်းစားနေတဲ့ အနေအထား ရှိတယ်လို့ ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။
ဒါ့အပြင် ရခိုင်အမျိုးသားကောင်စီ ANC ၊ ' ဝ 'အမျိုးသားတပ်မတော် WNO နဲ့ လားဟူဒီမိုကရက်တစ် ယူနီယံ LDU တို့ဟာ အစိုးရနဲ့ တိုက်ပွဲတွေဖြစ် ပွားလေ့မရှိတာကြောင့် အပစ်အခတ်ရပ်စဲရေးမှာ မပါဝင်ဘဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲတွေမှသာ ပါဝင်ဖို့အစိုးရဘက်က ဆန္ဒရှိနေတယ်လို့ သိရပါတယ်။