ကရင်အဖွဲ့အစည်းတွေ ပြန်ပေါင်းစည်းဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

2024.01.30
ကရင်အဖွဲ့အစည်းတွေ ပြန်ပေါင်းစည်းဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း ၇၄ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသည့် ပဒိုစောကွယ်ထူးဝင်း။
Karen National Union

ကရင်အမျိုးသားရေးဆောင်ရွက်နေတယ်လို့ သတ်မှတ်ထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ အဖွဲ့အစည်းတိုင်း ၁၉၄၉ ခုနှစ်ကလို ပြန်လည်ပေါင်းစည်းဖို့ လိုအပ်တယ်လို့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောလိုက်ပါတယ်။

ကရင်တစ်မျိုးသားလုံးရဲ့ စည်းလုံးမှုဟာ ကရင့်ကံကြမ္မာကို အဆုံးအဖြတ်ပေးမှာဖြစ်သလို လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ ကော်သူးလေ တည်ထောင်ဖို့ဟာ ကရင်အမျိုးသား အစည်းအရုံးရဲ့ ပထမဆုံးရည်မှန်းချက်ဖြစ်တယ်လို့ ပြောပါတယ်။

တစ်ချိန်တည်းမှာလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ ပြည်နယ်တွေ တည်ဆောက်သွားဖို့ လိုလားတယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ကရင်အဖွဲ့အစည်းလေးခုဖြစ်တဲ့ ဒေါကလူအသင်း၊ ဗုဒ္ဓဘာသာ ကရင်အမျိုးသားအသင်း၊ ကရင်ဗဟိုအဖွဲ့ချုပ်၊ ကရင်လူငယ်အစည်းအရုံးတို့နဲ့ စုဖွဲ့ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ကရင်လူငယ်အစည်းအရုံး (KYO) က ၇၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာတော့ ၇၅ နှစ်အတွင်း အစည်းအရုံးပြိုကွဲအောင် သွေးထိုးလှုံ့ဆော်တာတွေရှိခဲ့ပေမဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကြောင့် ပြိုလဲမသွားခဲ့ဘူးလို့ ပြောထားပါတယ်။

ကရင်ပြည်သူတွေအနေနဲ့ စည်းစည်းလုံးလုံးနဲ့ ကရင်လူမျိုးတွေ လွတ်မြောက်ရေးကို ကြိုးပမ်းကြဖို့ အချိန်ကျပြီလို့လည်း KYO က တိုက်တွန်းထားပါတယ်။

ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU-KNLA/ PC) နဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ကြား ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါင်းစည်းရေး ဆွေးနွေးနေကြပေမဲ့ လက်တွေ့ပေါင်းစည်းမှု လုပ်ဆောင်နိုင်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။