လေးကေ့ကော်မှာ တိုက်ပွဲဆက်ဖြစ်လို့ ဒုက္ခသည်တွေတိုးလာနိုင်

ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2021.12.17
လေးကေ့ကော်မှာ တိုက်ပွဲဆက်ဖြစ်လို့ ဒုက္ခသည်တွေတိုးလာနိုင် ကရင်ပြည်နယ် ‌လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီတပ်နှင့် ကရင်လက်နက်ကိုင်တပ်အကြား တိုက်ပွဲကြောင့် ထွက်ပြေးလာသူများကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မယ်တော်ကျေးရွာအုပ်စုတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: Ye Min/Facebook

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်ရာ လေးကေ့ကော်မြို့သစ်တစ်ဝိုက်မှာ စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာထွက်ပြေးနေရတဲ့ ဒုက္ခသည် ၈ဝဝဝ အထိ ရှိလာပြီလို့ လေးကေ့ကော်မြို့သစ် တာဝန်ခံ တီးဖားတရားက RFA ကို ပြောထားပါတယ်။

KNU လက်အောက်ခံတပ်တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေ မရပ်သေးတာကြောင့် ဒုက္ခသည် အရေအတွက် ဒီထက် တိုးလာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

ဒီဇင်ဘာ ၁၇ ရက်ည ၁၁ နာရီကျော်လောက်မှာ သေနတ်သံတွေ ဆက်တိုက်ကြားနေရဆဲပဲလို့ လေးကေ့ကော် မြို့နယ် အရှေ့တောင်ဘက် သုံးမိုင်အကွာက ဖလူးကြီး ကျေးရွာမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“ဆယ်ချက်လောက် ရှိမလားမသိဘူး သေနတ်သံ အပြန်အလှန်ပစ်နေတာ။ အလုံးကြီးအသံတော့ မကြား ဘူး။ သတိနဲ့တော့ နေရတာပေါ့။ ပြောင်းရမယ်ဆိုလည်း ချက်ချင်းပြောင်းရမှာပေါ့။ ရွာသားတွေက များတော့ ကားတွေနဲ့ ခေါက်တုန့်ခေါက်ပြန် ကြိုရတယ်”

ဖလူးကြီးရွာနဲ့ ဖလူးလေးရွာဘက်မှာ ဒုက္ခသည်နှစ်ထောင်ခန့် ရောက်နေပြီး အဲဒီထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။ အဲဒီဒုက္ခသည်တွေအတွက် အဓိကလိုအပ်နေတာက အနွေးထည်တွေ၊ ခြုံစောင်တွေနဲ့ ဒုက္ခသည်တွေ နေရာရွှေ့ပြောင်းနိုင်ဖို့ ဓာတ်ဆီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံထဲကို ထွက်ပြေးရောက်ရှိနေတဲ့ ဒုက္ခသည် ၂၅၀၀ ကျော်ရှိနေပြီး သူတို့ကို နေရာချထား ပေးဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေတယ်လို့ ထိုင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းရောက် ဒုက္ခသည်တွေကို နေရာနှစ်ခုမှာ ချထားပေးပေမယ့် လူဦးရေများတာကြောင့် လိုအပ်ချက်တွေ ရှိနေဆဲပဲလို့ အကူအညီပေးနေတဲ့ ထိုင်း-မြန်မာအခြေစိုက် အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ AAC က ကိုရဲမင်းက ပြောပါတယ်။

“အားလုံး ၂၅၀၃ ဦးကို ထိုင်းစစ်တပ်က လက်ခံပေးထားတယ်၊ စာသင်ကျောင်းတွေ နွားခြံတွေမှာ နှစ်နေရာ မှာ ခွဲပြီး လက်ခံပေးထားတယ်။ သူတို့နေဖို့ထိုင်ဖို့က ဖြစ်သလိုနေနေရတာပေ့ါ။ တချို့ဆို နေရာမဆံ့လို့ မနေ့ညကဆို မအိပ်ရဘူး။ ငုတ်တုတ်ထိုင်နေရတဲ့သူတွေ အများကြီး။ စောင်တွေ မလုံလောက်ဘူး၊ အဲဒီ နေရာတွေက တော်တော်အေးတယ်၊ စောင်၊ ခြင်ထောင်တွေ လိုအပ်တယ်၊ အခင်းတွေ မိုးကာတွေ တာလပတ်တွေ လိုအပ်တယ်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ရေခွက် ဆပ်ပြာကအစ အကုန် လိုအပ် နေတာပါ။”

karen-refugee-thailand1.jpg
ကရင်ပြည်နယ် ‌လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီတပ်နှင့် ကရင်လက်နက်ကိုင်တပ်အကြား တိုက်ပွဲကြောင့် ထွက်ပြေးလာသူများကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မယ်တော်ကျေးရွာတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: AP)

“လောလောဆယ် တိုက်ပွဲက ခေတ္တငြိမ်နေတဲ့သဘောပါ။ ပြန်လည်ပြီး တိုက်ဖို့ အားယူနေတဲ့သဘောပါ။ ကရင်ပြည်နယ် ဒေါန-အာရှလမ်းတကြောမှာ စစ်ကောင်စီကို စစ်ကူလာတဲ့ ကားတွေနဲ့ ထိတွေ့တိုက်ခိုက်မှု တွေ ရှိနေတယ်ဆိုတော့ တိုက်ပွဲက ဆက်ပြီးပြင်းထန်လာဖို့ ရှိပါတယ်။ စစ်ရှောင်တွေလည်း ထပ်တိုး လာမယ်လို့ သုံးသပ်ပါတယ်”

လေးကေ့ကော်မြို့သစ်ကနေ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရဖို့ ကြိုးစား နေသူတွေကို လက်ခံခွင့်ပြုပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေတ္တာရပ်ခံလိုက်ပါတယ်။

ဒီမြန်မာနိုင်ငံသားတွေကို လက်ခံခွင့်ပြုပြီး အန္တရာယ်ဖြစ်စေမယ့် နေရာဒေသတွေဆီကို မပို့ဆောင်ဘဲ ကူညီ စောင့်ရှောက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ထိုင်းအစိုးရကို ပန်ကြားလိုက်ပါတယ်။

uaungmyomin.jpg

“ထိုင်းဘက်ကတော့ တတ်နိုင်သရွေ့ လူသားချင်းစာနာမှုအကူအညီတွေက ခဏလေးခိုလှုံခွင့်ပေးတယ်ဆိုတဲ့ ကိစ္စတော့ ရှိပါတယ်။ ဒါကလည်း ကြိုဆိုသင့်တဲ့ကိစ္စပါ။ ထိုင်းနိုင်ငံက မြန်မာနိုင်ငံရဲ့ နှစ်ပေါင်းကြာရှည်တဲ့ ပြည်တွင်းစစ်ရဲ့ သက်ရောက်မှုကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အမြဲတမ်းကူညီပေးတယ်။ ဒါကြောင့်မို့လို့ ထပ်မံပြီး ကူညီပေးပါ။ နောက်ပြီးတော့ သူတို့ကို အန္တရာယ်ဖြစ်စေမယ့် နေရာဒေသအတွင်းကို ဆန္ဒမပါဘဲ အတင်းအကြပ်ပြန်လည်ပို့ဆောင်တာ မလုပ်ဘဲ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါလို့ပဲ တိုက်တွန်းလိုပါတယ်”

လေးကေ့ကော်မြို့ဟာ ဦးသိန်းစိန်အစိုးရလက်ထက်က KNU နဲ့ နှစ်ဖက်သဘောတူညီမှုအရ ငြိမ်းချမ်းရေး သင်္ကေတအဖြစ် တည်ထားခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေနဲ့ အကြမ်းမဖက်ဆန္ဒပြတဲ့ CDM အစိုးရဝန်ထမ်းတွေ ခိုလှုံရာ နေရာတစ်ခုဖြစ်ခဲ့တာပါ။

အဲဒီနေရာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး ခိုလှုံနေသူ ၂၀ ကျော်ကို ဖမ်းဆီးခဲ့ရာကနေ KNU လက်အောက်ခံတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ရွာအတော်များများက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေကြရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။