နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရခိုင်ကော်မရှင် ဥက္ကဌ တွေ့ဆုံ
2016.09.05

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်နဲ့ ကော်မရှင်အဖွဲ့ဝင်တွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ ရန်ကုန်မြို့ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်အရေးကိစ္စဟာ မိမိတို့အားလုံးအတွက် အရေးအကြီး ဆုံးကိစ္စရပ် ဖြစ်နေကြောင်း၊ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်အရေးသည် အလွန်အရေးကြီးကြောင်း၊ မိမိတို့အားလုံး ဝိုင်းဝန်းအဖြေထုတ်ရမှာဖြစ်ကြောင်း၊ မစ္စတာ ကိုဖီအာနန် အပါအဝင် အားလုံးသော အဖွဲ့ဝင်တွေဟာလည်း နည်းလမ်းတွေ ရှာဖွေပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့တယ် လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။
အဲဒီနောက် မစ္စတာ ကိုဖီအာနန်က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ မိမိအနေနဲ့ အခုလိုပါဝင်ခွင့်ရတာကို ဝမ်းမြောက်ကြောင်း၊ အနာဂတ် မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိမယ့် အကြံပြု ချက်တွေကို ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
မစ္စတာ ကိုဖီအာနန် နဲ့ ကော်မရှင်အဖွဲ့ဝင်တွေဟာ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေနဲ့လည်း ဒီနေ့ညနေ ပိုင်း တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ကိုဖီအာနန်ဟာ မနက်ဖြန် ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီး ဒေသခံတွေ နဲ့ တွေ့ဆုံဖို့ရှိသလို ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ဖို့ရှိပါတယ်။
အဲဒီကော်မရှင်မှာ ပြည်ပပညာရှင်တွေကို ထည့်သွင်းဖွဲ့စည်းထားတဲ့အတွက် ရခိုင်အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ရခိုင်ပြည်နယ်ရဲ့ အင်အားကြီးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီတို့က ကန့်ကွက်ထားပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြည်တွင်းပညာရှင်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းပေးဖို့ တိုက်တွန်းတဲ့ အရေးကြီးအဆိုကို မနက်ဖြန် ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၃၀ ကျော် ဆွေးနွေးကြမှာဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရဟာ ရခိုင်ပြည်နယ်ရဲ့ သိမ်မွေ့နက်နဲတဲ့ အရေးကိစ္စတွေကို ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းကောင်းတွေ အကြံပြုပေးဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။