မြန်မာနိုင်ငံသားနှစ်ဦးအမှု အယူခံ ဝင်နိုင်ရေး သက်သေ ၅ ဦး ထွက် ဆိုမည်


2016.01.05
koh-tao-620.jpeg ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ကို ကော့စမွီး တရားရုံးမှာ ရုံးထုတ်လာစဉ်
Photo: thaivisa website

ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦး အယူခံဝင်နိုင်ဖို့အတွက် သက်သေထွက်ဆိုပေးမယ့်သူ ၅ ဦးက မြန်မာသံရုံး အထူးကိုယ်စားလှယ် အဖွဲ့ထံ ဆက်သွယ်ထားတယ်လို့ သိရပါတယ်။

သက်သေထွက်ဆိုပေးမယ့်သူ ၅ဦးထဲမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဇာတ်လမ်းအစအဆုံး ကို ပြောပေးနိုင်တဲ့သူတွေပါတယ် လို့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့ဝင် ဦးကျော်သောင်းက ပြောပါတယ်။

"အန်ကယ်တို့ စုံစမ်းခဲ့တဲ့ထဲမှာတော့ လူသတ်နေတဲ့မြင်ကွင်းကို မတွေ့လိုက်ဘူး၊ ဒါပေမဲ့ အဲ့ဒီဖြစ်စဉ်ကို အစကနေ အဆုံးနီးပါး၊ ဖြစ်ပြီးတဲ့နောက်ပိုင်း ကို ပြောနိုင်တဲ့သူပေါ့၊ ပြောချင်တာကတော့ ဒီလူတွေရဲ့ထွက်ဆိုချက်သည် မြန်မာ ၂ ယောက် မဟုတ်ဘူးဆိုတဲ့ အားသာနိုင်တဲ့အဖြေမျိုးရှိတယ်လို့တော့ ပြောလို့ရ တာပေါ့"

သက်သေထွက်ဆိုပေးမယ့်သူတွေဟာ Koh Tao ကျွန်းမှာ အလုပ်လုပ်ကိုင်ခဲ့သူတွေ ဖြစ်ပြီး လက်ရှိ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်တွေ မှာ ပြန်လည်နေထိုင်နေကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသားနှစ်ဦးအတွက် အယူခံဝင်နိုင်ဖို့ လိုအပ်တဲ့ သက်သေတွေကို ရှာဖွေရာမှာ အထောက်အကူပြုနိုင်ဖို့ ဆိုပြီး မြန်မာအစိုးရဘက်က ရဲဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦး၊ မူခင်းဆရာဝန်တစ်ဦးနဲ့ နိုင်ငံတကာရေးရာကျွမ်းကျင်တဲ့ မူခင်းရှေ့နေတစ်ဦး စုစုပေါင်း ၃ ဦးကို ဒီလအတွင်း ထိုင်းနိုင်ငံကို စေလွှတ်ပေးသွားဖို့ ရှိတယ်လို့လည်း မြန်မာ သံရုံးအထူးအဖွဲ့ဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ Kho Samuei ခရိုင်တရားရုံးက သေဒဏ်ချမှတ် ခဲ့တဲ့အတွက် ထိုင်းရှေ့နေများကောင်စီ နဲ့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့က အယူခံဝင်ဖို့ ပြင်ဆင်နေကြတာဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။