အဖမ်းခံရသူများရဲ့ မိသားစု ထိုင်းကိုလိုက်သွားမည်


2014.10.12
koh-tao-myanmar-parent-305.jpg ထိုင်းလိပ်ကျွန်း လူသတ်မှုနဲ့ ဖမ်းဆီးခံရတဲ့ တရားခံတွေရဲ့ မိသားစုဝင်တွေကို တွေ့ရစဉ်
Photo: Kyaw Htoon Naing, Kyaw Zaw Win/RFA

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်းကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာ ဖမ်းဆီးထားတဲ့ မြန်မာနိုင် ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ၂ ဦးကို သွားရောက်တွေ့ဆုံမယ့် သူတို့မိသားစုဝင်တွေ ဟာ ကျောက်ဖြူမြို့ကနေ ရန်ကုန်မြို့ကို ဒီနေ့ ညနေက လေကြောင်းခရီးနဲ့ ရောက်ရှိလာပါတယ်။

ကိုဝင်းဇော်ထွန်းရဲ့ဖခင် ဦးထွန်းထွန်းထိုက်က ဒီလူသတ်မှုနဲ့ ပတ်သက်တဲ့ တရားခံအစစ်အမှန်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးဖော် ထုတ်ပေးစေလိုပါတယ်လို့ မင်္ဂလာဒုံလေဆိပ်ကို ဒီနေ့ရောက်ရှိလာချိန်မှာ ပြောကြားခဲ့ပါတယ်။

"ကျနော့်သားရဲ့ အကျင့်စရိုက်ကို ငယ်ငယ်လေး ကတည်းက ကျနော်သိတာပေါ့၊ ဒီနေ့ ကမ္ဘာအရပ်ရပ် က ဝေဖန်သုံးသပ်နေတာတွေ တွေ့မြင်နေရတာတွေ မဖြစ်နိုင်ဘူးလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကျနော်တို့ အမှန်ဆုံးနည်းလမ်းနဲ့ မြန်မြန်ဆန်ဆန်လေး အမှုမှန်ပေါ်ပေါက်အောင်လို့ ကျနော့်သား အခုမဟုတ်ပဲနဲ့ ခံနေရတာ၊ တရားခံအစစ်အမှန်ကို ရှာဖွေပေးပါလို့ ကျနော်တောင်းဆိုချင်ပါတယ်"

ဖမ်းဆီးခံထားရသူ နှစ်ဦးရဲ့ မိသားစုဝင်တွေဟာ ရခိုင်ကွန်ရက်ရဲ့ အကူအညီနဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူကနေ ရန်ကုန်မြို့ကို ရောက်ရှိလာတာဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ်အပါအဝင် လိုအပ်တာတွေကို ပြင်ဆင်ပြီး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင်က လိပ်ကျွန်း (ခေါ်) ခိုတောင်းကျွန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ထိုင်းရဲတပ်ဖွဲ့က တရားစွဲဖို့ ပြင်ဆင်နေပါတယ်။

ကိုဝင်းဇော်ထွန်းရဲ့ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်ကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။