ခိုထောင်းကျွန်း လူသတ်မှု ထိုင်း တရားရုံး စတင်စစ်ဆေး


2014.12.08
koh-tao-myanmar-305.jpg ထိုင်းနိုင်ငံ ခိုထောင်းကျွန်း (ခေါ်) လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံ သား ၂ ဦးကို သတ်မှုနဲ့ ထိုင်းရဲကဖမ်းဆီးထားတဲ့ မြန်မာနှစ်ဦး ကို တွေ့ရစဉ်
Photo: BangKok Post

ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုအတွက် ဖမ်းဆီး ခံထားရတဲ့ မြန်မာလုပ်သားနှစ်ဦးကို ဒီကနေ့ Koh Samui ခရိုင်တရားရုံးမှာ ပထမဦးဆုံးအကြိမ်အဖြစ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

ထိုင်းအစိုးရက သူတို့နှစ်ဦးကို လူသတ်မှု၊ မုဒိန်းမှု၊ တရားမဝင်နေထိုင်မှု စတဲ့ ပုဒ်မ ၇ ခုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ဒီနေ့ တရားရုံးမှာ လူငယ် ၂ ဦးက အဲ့ဒီအမှုတွေကို မကျူးလွန်ကြောင်း ထွက်ဆိုခဲ့တယ်လို့ တရားရုံးကိုတက်ရောက်ခဲ့တဲ့ မြန်မာ သံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့် ကပြော ပါတယ်။

"ပုဒ်မ ၇ ခုနဲ့ စွပ်စွဲတယ်၊ ဒါကိုဖြေရှင်းဖို့ဆိုပြီးတော့ တရားရုံးကနေပြီးတော့ ဒီနေ့ အမိန့်ချပေးတာပါ၊ တရားရုံးကနေပြီးတော့ အစွပ်စွဲခံရတဲ့ ကလေး ၂ ယောက်ပေါ်မှာ ပုဒ်မ ၇ ခုနဲ့စွဲတယ်ဆိုတဲ့ အကြောင်းကို ပုဒ်မကိုရှင်းပြတယ်၊ ပြီးလို့ရှိရင် ဒီပုဒ်မနဲ့ ပတ်သက်ပြီးတော့ ကျူးလွန်ခြင်း ရှိ၊ မရှိမေးတယ်၊ ညနေပိုင်းမှာတော့ သေဆုံးသူ မိဘတွေရဲ့ရေးတဲ့စာကိုဖတ်ပြတယ်၊ ဒီလောက်ပါပဲ"

သေဆုံးသူ ဗြိတိန်နိုင်ငံသားနှစ်ဦးရဲ့ မိဘတွေက သူတို့သားသမီး ၂ ဦးရဲ့ ကိုယ်ရေးအကျဉ်းကို တရားရုံးကို ပေးပို့ခဲ့ တယ်လို့ သိရပါတယ်။ဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို စွဲချက် ၇ ခု နဲ့ Koh Samui ခရိုင်တရား ရုံးမှာ ဒီဇင်ဘာလ ၄ ရက်နေ့က စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီစွပ်စွဲချက်တွေကို ချေပနိုင်မယ့်သက်သေတွေနဲ့ တရားရုံးမှာတင်ပြသွားမှာဖြစ်ပြီး မြန်မာလုပ်သား ၂ ဦး အာမခံ ရရှိအောင် ကြိုးစားသွားမှာဖြစ်တယ်လို့ မြန်မာသံရုံးတာဝန်ရှိသူတွေ ပြောပါတယ်။

ဒီလ ၂၆ ရက်နေ့မှာ တရားလိုနဲ့ တရားခံဘက်က သက်သေတွေကို စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။