MDCF ခေါင်းဆောင် ကိုထင်ကျော် ထောင်ဒဏ် တစ်နှစ် ထပ်မံချမှတ်ခံရ


2014.08.11
kohtinkyaw-jail-305 ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို ဇွန်လ ၄ ရက်နေ့က ပုဒ်မ ၁၈ နဲ့ ကျောက် တံတား မြို့နယ်တရားရုံးက ပြစ်ဒဏ် ချမှတ် အပြီး တွေ့ရစဉ်
Photo: Kyaw Zaw Win / RFA

ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ လက်ကမ်း စာစောင်တွေ ဖြန့်ဝေခဲ့တဲ့ ဒီမိုကရေအရေး စဉ်ဆက် မပြတ် လှုပ်ရှားမှုအဖွဲ့က ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ မရမ်းကုန်း မြို့နယ် တရားရုံးက ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်ချလိုက်ပါတယ်။

မရမ်းကုန်းမြို့နယ်တရားရုံးကို သွားရောက်ခဲ့တဲ့ မရမ်းကုန်းမြို့နယ်က ဒေါ်စိန်ထွေးက အခုလိုပြော ပါတယ်။

"ကိုထင်ကျော်ကို ပုဒ်မ(၅၀၅) (ခ)နဲ့ မရမ်းကုန်း မြို့နယ်ကနေပြီးတော့ အလုပ်ကြမ်းနဲ့ ထောင် ဒဏ် ၁ နှစ်ချလိုက်တယ်၊ ကိုထင်ကျော်က ရုံးရှေ့မှာပေါ့နော်၊ လက်သုံးချောင်းထောင်တဲ့ သင်္ကေတကို သူကပြောပြတယ်၊ ဒီလက် သုံးချောင်းထောင်တဲ့ အဓိပ္ပါယ်ကပေါ့နော် အာဏာရှင်အစိုးရကို အလိုမရှိကြောင်း ဒါကို တရားဝင် ထုတ်ပြန်ကြေညာတယ်ပေါ့နော် ၊ ပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို အစိုးရအဖြစ် အသိ အမှတ်ပြုတယ်ပေါ့၊ ထောက်ခံတယ်ဆိုရင် ပြည်သူတွေ ပါးစပ်ကမပြောရဲရင် လက်သုံးချောင်းထောင် လိုက်ကြပါ၊ လာကြည့်ကြတဲ့ ပြည်သူတွေကနေပြီးတော့ လက်သုံးချောင်းထောင်တယ်၊ စီမံအုပ်ချုပ်ရေး ညံ့ဖျင်းတဲ့ ပြည်ထောင်စုအစိုးရအလိုမရှိ၊ အာဏာရှင်အစိုးရကို အလိုမရှိဘူးဆိုပြီးတော့ အဲ့လိုပေါ့ကြွေးကြော်တယ်"

ကိုထင်ကျော်ဟာ ပြီးခဲ့တဲ့ မေလက ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ လက်ကမ်းစာစောင်တွေ လိုက်ဝေ လို့ဆိုပြီး သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ ကျောက်တံတားစတဲ့ မြို့နယ် ၁၁ မြို့နယ် က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။

ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားတဲ့ တရားရုံးတွေအနက်က သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ မရမ်းကုန်း မြို့နယ်တွေက ကိုထင်ကျော်ကို အမိန့်တွေ   အသီးသီးချထားပြီး ဖြစ်ပါတယ်။ စီရင်ချက်အားလုံးအရ ကိုထင်ကျော်ဟာ   စုစုပေါင်း ထောင်ဒဏ် ၅ နှစ်ခွဲ ချမှတ်ခံထားရပြီးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။