ထောင်တွင်း အစာငတ်ခံဆန္ဒပြမယ်လို့ ကိုထင်ကျော် ပြော
2014.10.02

အင်းစိန်ထောင်မှာ ထောင်ဒဏ် ၁၁ နှစ်ကျော် ကျခံနေရ တဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ အစာငတ်ခံဆန္ဒပြသွားမယ် လို့ ကျောက်တံတားမြို့နယ် တရားရုံးကို ဒီနေ့ ရုံးထုတ်ချိန်မှာ ပြောလိုက်ပါတယ်။
ကိုထင်ကျော်ကို ဒီနေ့ ကျောက်တံတားမြို့နယ် တရားရုံးမှာ ပြောခဲ့တာဖြစ်ကြောင်း ဇနီးဖြစ်သူ မသန်းသန်းမော်က အခုလိုပြောပါတယ်။
"ထောင်တွင်းမှာ ကိုထင်ကျော်က ဗုံးခွဲတဲ့ကိစ္စကို ဖော် တဲ့အတွက်ကြောင့်မို့ သီရိသုဓမ္မ ဦးစိုးမြင့်အောင်က သူ့ရဲ့ထောင်ထဲမှာရှိတဲ့ တပည့်တွေနဲ့ ကိုထင်ကျော်ကို လုပ်ကြံဖို့ သူ့တပည့်တွေကို ခိုင်းလိုက်တဲ့အချိန်မှာ တပည့်တွေက ကိုထင်ကျော်ကို လာပြောတယ် ၊ ထောင်တွင်းအခွင့်အရေးတွေ တီဗွီတွေ၊ ဘာတွေသိမ်းတယ်၊ တိုက်ပိတ်မယ်ဆိုပြီးတော့ ဥပဒေထုတ်တယ်၊ ကိုထင်ကျော်က ဒါဟာ တရားမျှတမှုမရှိဘူး၊ ဒီဥပဒေကို လက်မခံဘူးဆိုပြီးတော့ ဆန့်ကျင်တယ်ပေါ့နော်၊ ထောင် တွင်းမှာ အခြေအနေတွေ လုံးဝကြပ်လာတယ်၊ ဒီလုပ်ကြံမှုသတင်းတွေကလည်း လုပ်ကြံမယ့် အခိုင်းခံရသူ ကိုယ်တိုင် ကိုထင်ကျော်ကို သတင်းလာပေးတယ်၊ အဲ့လိုတွေ ဖြစ်လာတဲ့အတွက်ကြောင့် ကိုထင်ကျော်က သူတို့လုပ်ကြံပြီးတော့ သေတာကိုမခံဘူး၊ သူတို့တောင်းဆိုထားတဲ့ ဗုံးခွဲတဲ့ကိစ္စရယ်၊ ဒီဘိန်းသမားတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ လွှတ်ပေးတဲ့ကိစ္စတွေကို တရားဝင် မဖြေရှင်းမပေးချင်း အစာငတ်ခံဆန္ဒပြဖို့ အစီအစဉ်ဆွဲတာပါ"
ပြီးခဲ့တဲ့ ဧပြီလက ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်နဲ့ အဖွဲ့ဟာ ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ဆိုပြီး တောင်ဥက္ကလာ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ ကျောက်တံတား၊ လှိုင်သာယာ၊ တောင်ဒဂုံစတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ စာရွက်တွေလိုက်ဝေခဲ့တာကြောင့် အဲ့ဒီမြို့နယ်တွေ က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲခဲ့ပါတယ်။
အဲ့ဒီနောက် တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ မရမ်းကုန်းစတဲ့ မြို့နယ် ၁၀ မြို့နယ်က ပုဒ်မ ၅၀၅ (ခ)နဲ့ ထောင်ဒဏ် ၁၀ နှစ်ကျော် ချမှတ်ခဲ့ပါတယ်။
ကိုထင်ကျော်ဟာ ထောင်ဒဏ် ၁၀ နှစ်ကျော်အပြင် တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့လည်း ထောင်ဒဏ်ချမှတ်ခံထားရတာဖြစ်ပြီး စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် နဲ့ ၄ လ ကျခံနေရတာဖြစ်ပါတယ်။