ကိုးကန့်၊ တအာင်းနဲ့ ရက္ခိုင့် တပ်မတော် ၃ဖွဲ့လုံး ညီလာခံ တက်မည်
2015.04.22

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာန ချုပ်ရှိရာ ပန်ဆန်းမြို့မှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ညီလာခံကို ရက္ခိုင့်တပ်မတော် AA၊ တအာင်း ပလောင် လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ တက်ရောက် မှာဖြစ်တယ်လို့ လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေ က ပြောပါတယ်။
အစိုးရတပ်မတော်က အဲဒီအဖွဲ့ ၃ဖွဲ့ကို ညီလာခံကို မဖိတ် ဖို့ UWSA ထံ အစိုးရက ပြောထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ အစည်းအဝေးကို တက်ရောက် မှာဖြစ်ကြောင်း အကြောင်းပြန်ထားတယ်လို့ ရက္ခိုင့် တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။
"အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝ ဘက်က ကျနော်တို့ ကိုတော့ အကြောင်းပြန်တာတော့မရှိဘူး၊ ကျနော်တို့ တက်မယ်လို့တော့ ပြောထားတယ်၊ အကြောင်းပြန် ထားတယ်၊ ကျနော်တို့ ၅ ယောက်လောက်တက်မယ်ဗျ"
AA၊ TNLA နဲ့ MNDAA တို့ကို အစိုးရတပ်မတော်က အမြင်မကြည်လင်တာတွေ ရှိတာကြောင့် မဖိတ်ကြားဖို့ နှုတ်နဲ့ အကြောင်းကြားတာတွေရှိခဲ့တယ်လို့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က ပြောကြားထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ညီလာခံကို ပန်ဆန်းမြို့မှာ လာမယ့် မေလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပ မှာဖြစ်ပါတယ်။ အဲဒီညီလာခံ မှာ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းအပေါ် သုံးသပ်မှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီညီလာခံကို တက်ရောက်ဖို့အတွက် ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တောင် ပိုင်း တပ်မတော် RCSS/SSA၊ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA၊ NDAA မိုင်းလား အဖွဲ့တွေအပါအဝင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ကို ဖိတ်ကြားထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ UWSA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို RFA ဝိုင်းတော်သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကိုးကန့်ဒေသအတွင်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် လာမယ့်မေလအတွင်း လက်မှတ်ရေးထိုးနိုင်ဖို့မျှော်လင့်ထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ပါ့မလားဆိုတာ တိုင်းရင်းသားတွေက သံသယရှိနေကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တစ်ဦးဖြစ်သူ ခူးဦးရယ်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။