တိုက်ပွဲတွေ ရပ်တန့်ပေးဖို့ ဆန္ဒပြတောင်းဆို
2016.10.21

တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်ပေးဖို့အတွက် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နဲ့ ကချင်ပြည်နယ် မိုးမောက်မြို့တွေမှာ ဒေသခံတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ဒီကနေ့ ဆန္ဒပြ တောင်းဆိုကြပါတယ်။
ကချင်ပြည်နယ်မှာ စစ်ပွဲတွေဖြစ်နေတဲ့အတွက် အမျိုးသမီးတွေ သွားရေးလာရေးကအစ အခက်အခဲရှိနေ တာကြောင့် အခုလို ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ မိုးမောက်မြို့ ဆန္ဒပြပွဲမှာ ပါဝင်သူ ဒေသခံ ဒေါ်နန်ဘောက် က ပြောပါတယ်။
"ကျမတို့ စိတ်ခံစားမှု စိတ်ဖိစီးမှုတွေက များတဲ့အခါကျမို့လို့၊ စစ်ပွဲကြောင့် ခံစားရတာတွေ တော်တော် များများရှိတာမို့လို့ ကျွန်မတို့အမျိုးသမီးတွေ ပါဝင်ခဲ့တယ်။ အမျိုးသမီးတွေရဲ့ စိတ်ဒဏ်ရာတွေက သွားလာခွင့် မလုံခြုံမှုပေါ့။ စိတ်ဖိစီးမှုတွေ ရှိတာပေါ့။ ဘယ်ပဲသွားသွား၊ တောင်ယာပဲသွားသွား၊ လယ်ပဲသွားသွား လုံခြုံမှုမရှိဘူးပေါ့။ စစ်ဖြစ်တာအခါမို့လို့။"
ကချင်ပြည်နယ်၊ မိုးမောက်မြို့မှာ အမျိုးသမီး အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီး ဒေသခံ ၅၀၀ လောက် ပါဝင်ခဲ့ပါတယ်။
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့မှာလည်း့တိုက်ပွဲတွေ ရပ်တန့်ဖို့အတွက် ကချင်၊ ရှမ်း၊ ပလောင်၊ စတဲ့ တိုင်းရင်းသားတွေ အပြင် ဂေါ်ရခါး၊ တရုတ် စတဲ့ လူမျိုးတွေပါဝင်တဲ့ ဒေသခံ အင်အား နှစ်ထောင်ဝန်းကျင်လောက်က ဒီကနေ့မနက် က တောင်းဆိုကြပါတယ်။
စစ်ပွဲတွေရပ်တန့်ရေး၊ အသက်အိုးအိမ်လုံခြုံရေး ၊ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ စစ်ဘေးဒုက္ခသည်တွေကို ရိက္ခာဖြတ်တောက်မှုရပ်တန့်ရေး၊ ကလေးငယ်နဲ့ အမျိုးသမီးတွေ ဘဝလုံခြုံရေး စတာတွေကို တောင်းဆိုခဲ့ကြ တာဖြစ်ပါတယ်။