ကိုမြအေးရဲ့ ထောင်တွင်းလက်ရာ အပြာရောင်သက္ကရာဇ် များ တေးစီရီးခွေ ထွက်ရှိ
2013.09.26
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက သူအကျဉ်းထောင်တွေထဲမှာ ရေးစပ်ထားတဲ့ သီချင်းတွေကို “အပြာရောင်သက္ကရာဇ်များ” အမည်နဲ့ သီချင်းခွေထုတ်ဝေပြီး စာနယ်ဇင်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ Central Hotel မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
အဲဒီ သီချင်းခွေထဲမှာပါဝင်တဲ့ သီချင်းစာသားတွေဟာ ထောင်ကျနေတဲ့နှစ်တွေကို ရည်ညွှန်းရေးသားထားတာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။
"ညွှန်းချင်တာက အပြာရောင်ဆိုတာဟာ ထောင်ကျတဲ့အခါ အပြာရောင်ဝတ်စုံ ဝတ်ရပါတယ်၊ သက္ကရာဇ်ဆိုတာ နှစ်တွေကို ရည်ညွှန်းပါတယ်၊ ထောင်ကျနေတဲ့နှစ်တွေကို ရည်ညွှန်းတဲ့အတွက်ကြောင့် အပြာရောင်သက္ကရာဇ်များ လို့ ပေးထားခြင်းဖြစ်ပါတယ်၊ အပြာရောင်သက္ကရာဇ်များဆိုတဲ့ သီချင်းကိုယ်တိုင်ပင်လျှင် ထောင်ကျနေတဲ့လူသားတွေရဲ့ တစ်နေ့တာဘဝကို ထိုးပြထားခြင်းပဲဖြစ်ပါတယ်"
ကိုမြအေးရေးသားထားတဲ့ သီချင်းစာသားတွေကို အဆိုတော် ဒီမွန်၊ ဇောင်းနဲ့ နိုးဝေး တို့ကသီဆိုထားပြီး ရွှေသံစဉ်အဖွဲ့က တီးခတ်ပေးထားတာဖြစ်ပါတယ်။
“အပြာရောင်သက္ကရာဇ်များ” သီချင်းခွေမိတ်ဆက်ပွဲကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့လည်း တက်ရောက်ခဲ့ပါတယ်။ ကိုမြအေးဟာ တောင်ကြီးမြို့၊ တောင်လေးလုံး အကျဉ်းထောင်ထဲမှာ ရေးသားထားတဲ့ “မိုးကောင်းကင်၌ တိမ်တိုက်များ” ဆိုတဲ့ လုံးချင်းဝတ္တုစာအုပ်ကိုလည်း များမကြာခင်က ထုတ်ဝေခဲ့ပြီးလည်း ဖြစ်ပါတယ်။