ကွမ်းလုံမြို့နယ် အခြေစိုက် ခလရ-၁၄၃ တပ်ရင်းတစ်ခုလုံး လက်နက်ချ
2023.11.01

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် ကံမိုင်းဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ-၁၄၃ တပ်ရင်းတစ်ခုလုံး မြောက်ပိုင်းညီနောင်သုံးဖွဲ့ထံကို လက်နက်ချ ပူးပေါင်းခဲ့တယ်လို့ MNDAA သတင်းပြန်ကြားရေးတာဝန်ရှိသူ ကိုရန်နိုင်က RFA ကို နိုဝင်ဘာ ၁ ရက်နေ့မှာ အတည်ပြုပြောပါတယ်။
“၄၁ ယောက် လက်နက်ချ အလင်းဝင်လာတာ ဟုတ်ပါတယ်။ ၃၀ ရက်နေ့မှာ ဖြစ်ခဲ့တာပါ”
ဒီတပ်ရင်းမှာ ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူး နှစ်ဦးပါဝင်ပြီး အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက အလင်းဝင်ဖို့ မြောက်ပိုင်းသုံးဖွဲ့ဘက်က ပြောဆိုခဲ့ရာမှာ ၃၀ ရက်နေ့မှာတော့ တပ်ရင်းလိုက် အလင်းဝင်တာလို့ သူက ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဆင်ရေးမှာ အခုလို တပ်ရင်းလိုက် လက်နက်ချ အလင်းဝင်လာတာဟာ ပထမဆုံးဖြစ်ပြီး အလင်းဝင်လာသူတွေထံကနေ စစ်လက်နက်ပစ္စည်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ကိုးကန့် ပြန်ကြားရေးဌာနက ပြောပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၅ ဦး လက်နက်တွေနဲ့ ထပ်မံအလင်းဝင်လာတယ်လို့ ကိုးကန့်တပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ခလရ - ၁၄၃ တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေအတွက် တစ်ဦးကို မြန်မာကျပ်ငွေ ၁၅ သိန်းစီပေးပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်လိုက်တယ်လို့ ကိုးကန့်တပ်ဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ လက်နက်ချအလင်းဝင်တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဒီကိစ္စအတွက် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မြောက်ပိုင်း ညီနောင်သုံးဖွဲ့အနေနဲ့ စစ်ဆင်ရေး စတဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ စစ်ကောင်စီ တပ်စခန်း ၈၀ နီးပါးကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ချင်းရွှေဟော်၊ သိန္နီ၊ ဖောင်းဆိုင်မြို့ တွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်ပြန်ကြားရေး တာဝန်ခံ ကိုရန်နိုင်က ပြောပါတယ်။