ကျိုက်ဝိုင်းဘုရားနယ်မြေမှာ ဧည့်နိုင်ငံသားတစ်ဦး အဆောက်အအုံ ငှားရမ်းမှု အရေးယူထား
2018.08.22

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က ကျိုက်ဝိုင်းဘုရား ဝတ္တကနယ်မြေမှာ ဧည့်နိုင်ငံသားတစ်ဦးက ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်ပြီး စားသောက်ဆိုင် ငှားရမ်းထားတာကြောင့် စည်ပင်သာယာဥပဒေနဲ့ အရေးယူထားတယ် လို့ မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောပါတယ်။
လက်ရှိအရေးယူထားတဲ့ စည်ပင်သာယာဥပဒေဟာ ထိရောက်မှုမရှိတာကြောင့် ၂၀၁၈ ခုနှစ် စည်ပင်သာယာ ဥပဒေနဲ့ ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောပါတယ်။
"စည်ပင်သာယာကလည်း ဒဏ်ရိုက်ထားပါတယ်၊ အရေးယူထားတယ်လို့ ကျနော်တို့ သိရပါတယ်၊ ဒါပေမဲ့လို့ အရင်ကရှိခဲ့တဲ့ စည်ပင်သာယာဥပဒေက လျော့ရဲရဲရှိတဲ့အခါကျတော့ ဒဏ်ဆောင်ပြီးတော့ပဲ ဇာတ်မြှောကြီးနဲ့ နေလိုက်တာပေါ့နော်၊ အိမ်ကလည်း အခုဆောက်ပြီးသွားပါပြီ၊ စားသောက်ဆိုင်ဖွင့်ဖို့ သူတို့လုပ်နေတာ ကျနော်တို့ တွေ့ရပါတယ်၊ စားသောက်ဆိုင်ဆိုတော့ လိုင်စင်လုပ်ရမယ်ဆိုတဲ့ အခါကျတော့ တရားဝင်ဖြစ်ဖို့ စည်ပင်သာယာ ကို သွားပြီးတော့ ဥပဒေနဲ့ အညီဆောင်ရွက်တယ်ထင်ပါတယ်၊ ဒါပေမဲ့ ပြည်သူလူထုကလည်း လက်မခံပါဘူး၊ ဂေါပကကလည်း လက်မခံပါဘူး၊ ဆရာတော်ကြီးတွေကလည်း လက်မခံပါဘူး၊ စည်ပင်သာယာကလည်း ဥပဒေ နဲ့အညီ ဆောင်ရွက်တဲ့အခါကျတော့ ၂၀၁၈ စည်ပင်သာယာ ဥပဒေနဲ့ ထိထိရောက်ရောက်အရေးယူနိုင်ရေး ဆက်လက်ပြီး တင်ပြသွားပါမယ်"
အငြင်းပွားမှုဖြစ်ပွားနေတဲ့ မြေနေရာမှာ Froggy Fish အမည်နဲ့ စားသောက်ဆိုင်ဖွင့်လှစ်ဖို့ စီစဉ်နေပြီး အဲ့ဒီမြေနေရာ ကို ဦးရှောက်ဆန်းဆီကနေ တစ်လကို ၅၆ သိန်းနဲ့ ငှားရမ်းထားတာဖြစ်ကြောင်း စားသောက်ဆိုင်ဖွင့်လှစ်ထားတဲ့ ဦးလှရွှေက ပြည်တွင်း မီဒီယာတစ်ခုကို ပြောကြားထားပါတယ်။
ကျိုက်ဝိုင်းဘုရား ဝတ္တက မြေနေရာဟာ ၄၃ ဧကကျယ်ဝန်းပြီး အဲ့ဒီထဲမှာ အပြင်းပွားမှုဖြစ်ပွားနေတဲ့ မြေနေရာလည်း ပါဝင်ပါတယ်။ နေစရာအခက်အခဲဖြစ်နေသူတွေကို ကျိုက်ဝိုင်းဘုရား နယ်မြေအတွင်းမှာ နေထိုင်ခွင့်ပြုထားပေမယ့် ပြန်လည်ရောင်းချခွင့်ကိုတော့ ပိတ်ပင်ထားပါတယ်။
သို့ပေမယ့် စတင်နေထိုင်သူတွေက အဆင့်ဆင့် လက်ဆင့်ကမ်းရောင်းချခဲ့တာကြောင့် အခုလို အငြင်းပွားမှု ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
အဲ့ဒီ မြေနေရာကို ဧည့်နိုင်ငံသား ဦးရှောက်ဆန်းအမည်နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာ အဆောက်အအုံ ဆောက်လုပ်ခွင့်လျှောက်ထားကြောင်းလည်း ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ပါရှိသလို ကန့်ကွက်လိုသူတွေဟာ ၁၅ ရက်အတွင်း ကန့်ကွက်ရမှာဖြစ်ပါတယ်။