ကျောက်ကြီးမြို့နယ်မှာ ဒရုန်းဗုံးကြောင့် ဒေသခံ ခုနစ်ဦး သေဆုံး

RFA Burmese
2024.06.29
ကျောက်ကြီးမြို့နယ်မှာ ဒရုန်းဗုံးကြောင့် ဒေသခံ ခုနစ်ဦး သေဆုံး စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကျောက်ကြီးမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ ဇွန်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးပစ်ခတ်မှုကြောင့် ဒေသခံ ခုနစ်ဦး သေဆုံးခဲ့တယ်လို့ (KNU) ဗဟိုက ဇွန်လ ၂၉ ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မေတ္တာရပ်ကွက်ကို ဒရုန်းဗုံးသုံးလုံး ပစ်ခတ်ခဲ့တာဖြစ်ပြီး အသက် ၁၇ နှစ်ကနေ လေးဆယ်ကျော်အတွင်း ဖြစ်ကြတဲ့ ကိုထွန်းလင်းအောင်၊ ကိုအောင်နိုင်ဌေး၊ ကိုဇော်လင်းကိုကို၊ ကိုထွန်းသက်လွင်၊ ကိုကောင်းထက်ကျော်၊ စောသတောနဲ့ စောကော်မူးသ တို့ နေရာမှာတင် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ကြီးဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိလည်း ရွာတွေဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ RFA ကို ပြောပါတယ်။

"စစ်ကောင်စီက တိုက်ပွဲမရှိလည်း ဒေသခံတွေနေတဲ့ ကျေးရွာတွေကို ပစ်တယ်။ ရည်ရွယ်ချက်ရှိရှိကို ပစ်တဲ့သဘောပေါ့။ ဒါကြောင့် ဒေသခံတွေက ကျီးလန့်စာ စားနေ နေရတာပဲပေါ့ "

ဒေသခံတွေပြောဆိုမှုနဲ့ KNU ရဲ့ ထုတ်ပြန်ချက်အပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီးဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အစည်းအဝေးရှိနေတာကြောင့် ဖုန်းလက်ခံမဖြေဆိုဘူးလို့ တုံ့ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ၂၈ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ငါးထောင်ကျော် (၅၃၄၁ ဦး) သေဆုံးခဲ့ပါတယ်။

အာဏာသိမ်းသုံးနှစ်ကျော်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေတွေမှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်းကျော်ရှိလာတယ်လို့ KNU ဗဟိုက ဇွန်လ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။