တောင်ယာထဲမှာ မိုင်းဟောင်းပေါက်လို့ ကျောက်မဲဒေသခံတစ်ဦး သေဆုံး


2020.07.28
kyaukme-landmine-villager-622 ကျောက်မဲမြို့နယ် ကျောင်းကုန်းရွာအနီးတွင် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူကို ၂ဝ၂ဝ ဇူလိုင် ၂၈ ရက်နေ့က သယ်ဆောင်လာစဉ်။
ဓာတ်ပုံ - ကိုနေအောင်

ကျောက်မဲမြို့နယ် ကျောင်းကုန်းရွာအနီး တောင်ယာထဲမှာ မိုင်းပေါက်ကွဲတာကြောင့် လုပ်ငန်းခွင်ဝင်နေတဲ့ ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသတွင်း ကမ်းလင့်လက်များ ပရဟိတအဖွဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။

ဦးကြင်မောင်ဟာ တောင်ယာလုပ်နေတုန်း တွေ့ရတဲ့ မိုင်းဟောင်းနှစ်လုံးကို ဓားနဲ့ထုကြည့်ရာမှာ မိုင်းတစ်လုံး ပေါက်ကွဲတာဖြစ်ပြီး ရင်ဘတ်နဲ့ လက်မှာ ရသွားတဲ့ဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးသွားခဲ့တာလို့ အဲဒီအဖွဲ့က တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုနေအောင်က ပြောပါတယ်။

မိုင်းကွဲတဲ့ တောင်ယာခင်းဟာ  ဂုတ်တွင်းသံလမ်းနဲ့ ကျောင်းကုန်းရွာနေရာကြားတည်ရှိပြီး  ဘယ်လက်နက်ကိုင် အဖွဲ့က ထောင်ခဲ့တဲ့ မိုင်းဆိုတာကိုတော့ မသိရသေးပါဘူး။  

အဲဒီနေရာတဝိုက်ဟာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ လှုပ်ရှားသွားလာလေ့ရှိတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။

နေရာအများအပြားမှာလိုပဲ ရှမ်းပြည်နယ်မှာလည်း ဆန့်ကျင်ဘက်အဖွဲ့ကို အထိနာစေရေး ရည်ရွယ်ချက်နဲ့ ထောင်ထားတဲ့ မိုင်းမျိုးစုံဟာ ဒေသခံ အရပ်သား အများအပြားကို ထိခိုက်စေပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် ပါနင်ကျေးရွာက ကျွဲရောင်းဖို့သွားတဲ့ အသက် ၂၉ နှစ်အရွယ် မိုင်းအိုက်ဝေါင်းဟာ မန်လွယ်ရွာအနီးမှာ မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ မန်လွယ်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၁၄ ရက်နေ့ ညနေပိုင်း ငါးနာရီလောက်က နမ့်ခမ်းမြို့နယ် လော့နော်ကျေးရွာမှာ မိုင်းနင်းမိတာကြောင့် သံဃာတစ်ပါးနဲ့ ရွာသားတစ်ဦး သေဆုံးခဲ့ပြီး ကိုရင်တစ်ပါး ဒဏ်ရာရခဲ့ပါသေးတယ်။

RFA ပြုစုထားတဲ့စာရင်းအရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဇူလိုင်လအတွင်း မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန် ပေါက်ကွဲလို့ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီမြို့နယ်တွေမှာ ထိခိုက်ဒဏ်ရာရရှိမှု ခြောက်ကြိမ်ရှိပါတယ်။ အဲဒီပေါက်ကွဲမှုတွေကြောင့် လေးဦး သေဆုံးခဲ့ပြီး ဆယ်ဦး ဒဏ်ရာရခဲ့ပါတယ်။

မိုင်းကြောင့် ထိခိုက်ဒဏ်ရာရမှုက ကွတ်ခိုင်မြို့နယ်မှာ အများဆုံးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။