ကျောက်မဲရောက် စစ်ဘေးဒုက္ခသည်တွေ အကူအညီလိုအပ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးဆွန်ရွာအနီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) ပူးပေါင်း တပ်ဖွဲ့တို့ အကြားတိုက်ပွဲတွေကြောင့် ဒီနေ့အထိ ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည် ၁၄၀၀ ကျော်ရှိနေပြီး နေထိုင်ရေးနဲ့ စားနပ်ရိက္ခာအခက်အခဲ ဖြစ်နေကြတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စုအနီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့က စပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ကျောက်မဲမြို့ကို ထွက်ပြေး တိမ်းရှောင်လာကြတဲ့ စစ်ဘေးဒုက္ခသည် ၁၄၀၀ ကျော်ဟာ စားနပ်ရိက္ခာနဲ့ နေထိုင်ရေး အခက်အခဲနဲ့ ကြုံတွေ့ နေကြရတယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့က စစ်ရေးအရ အရေးပါတဲ့ ဟူးဆွန်တောင်ကုန်းမှာ တပ်စွဲထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တပ်စခန်းကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲကြောင့် ဟူးဆွန်၊ မြိုင်ဆိုင်း၊ တွန်ဟိတ်၊ ပုံးလုံ၊ မန်ပေါက်၊ ပြိန်းဆိုင်၊ ပုံးနွဲ့ စတဲ့ကျေးရွာ ခုနစ်ရွာက ဒေသခံ ၁၂၀၀ ဟာ ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ ကျောက်မဲမြို့ပေါ်ကို ထွက်ပြေး လာခဲ့ကြရတာပါ။
အခုလက်ရှိမှာတော့ ကျောက်မဲမြို့ သန္တိသုခကျောင်း၊ တောင်နောက်ဘုန်းတော်ကြီးကျောင်း၊ ရှမ်းစာပေ ယဉ်ကျေးမှုသင်တန်းကျောင်းနဲ့ မန်ခါးရွာ စတဲ့နေရာလေးခုမှာ ယာယီခိုလှုံနေကြရပါတယ်။
မန်ပေါက်ကျေးရွာက ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေါ်အေးယိမ်းက တိုက်ပွဲဖြစ်ချိန်မှာ လက်နက်ကြီးတွေ ကြောင့် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာခဲ့ရတာလို့ ပြောပါတယ်။
“ဘာမှ မရခဲ့ဘူး၊ အကူအညီတော့ အစုံလိုတယ်။ ကလေးအမေတွေဆို ဆပ်ပြာတွေ ဘာတွေလည်း မရှိဘူး။ တချို့ လူတွေဆို စောင်တွေ ဘာတွေလည်း မရခဲ့ဘူး။ ရတဲ့လူလည်းရှိတယ်၊ မရတဲ့လူလည်း ရှိတယ်ရှင့်။ သုံးပုံဆိုတော့ တစ်ပုံတော့ ရှိတယ်၊ စောင်လဲမရခဲ့ ဘာမှမရခဲ့တာ။ အရင်တုန်းကလာတယ် နမ့်စီးလင်း ကျောင်းမှာ လာခဲ့တယ်။ ဒီလောက်တော့ မဖြစ်ဘူး။ ကလေးအမေတွေ အဖိုးအဖွားတွေပဲ လာတယ်။ သွားနိုင်လျှောက်နိုင်တဲ့သူတွေတော့ မထွက်ဘူးရှင့်။ အဖိုးအဖွားတွေ မသွားနိုင်တဲ့သူတွေပဲ ရွှေ့ခိုင်းတာ လေ။ ဒီတစ်ပတ်တော့ အားလုံးမသွားရင်တော့ မရတော့ဘူး။ အခုတော့ ရွာထဲမှာ ဘယ်သူမှမရှိတော့ဘူး။ ကြောင်နဲ့ခွေးပဲ ရှိတော့တယ်”
ကျောက်မဲမြို့ တောင်နောက်ဘုန်းတော်ကြီးကျောင်းကို ထွက်ပြေးခိုလှုံလာတဲ့ ပုံးလုံကျေးရွာက မရွှေကြာ ကလည်း လက်နက်ကြီးတွေ ရပ်ရွာထဲ ကျရောက်မှာကိုစိုးရိမ်လို့ ထွက်ပြေးလာကြတာလို့ ပြောပါတယ်။
"အခုတော့ ရွာထဲမှာ ဘယ်သူမှမရှိတော့ဘူး။ ကြောင်နဲ့ခွေးပဲ ရှိတော့တယ်"
“ရွာထဲ ပစ်ချတယ်။ ဘေးနာလည်း ပစ်ချတယ်။ အဲဒါဆိုတော့ ကြောက်တာဆိုပြန်လာတာ။ အရင်တုန်းက ကျွန်မ အထက်အိမ်မှာ မိတာဆိုတော့ အိမ်တောင်မှနဲနဲပဲ လွဲတာဆိုရင်တော့ ကြောက်တယ်။ အပေါ်ရွာက လူတွေ စုစုပြီးမှ လာပြီးရင်ဆိုတော့ ကျွန်မရွာမှာ လာပုံထားတာ လူတွေကအများကြီးပဲ လာပုံပြီးရင် ဆိုတော့ ကားနဲ့ လိုက်ခေါ်ကြပြီးမှ လိုက်ကြိုရတာ”
အဲဒီကျေးရွာတွေအနီးမှာ နိုဝင်ဘာလ ၉ ရက် မနေ့ကအထိ တိုက်ပွဲဖြစ်သံတွေကို ကြားနေရဆဲဖြစ်တာကြောင့် ဒေသခံတွေဟာ နောက်ထပ်ထွက်ပြေးလာနေကြဆဲ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲတွေ အချိန်ဘယ်လောက်အထိ ဆက်ကြာမယ်ဆိုတာကို မသိနိုင်ပေမယ့် တိုက်ပွဲတွေ ရှည်ကြာ နေတာနဲ့ အမျှ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲ ပိုကြုံလာနိုင်တယ်လို့ တောင်နောက် ကျေးရွာ အုပ်ချုပ်ရေးမှူး စိုင်းဘထွန်းက ပြောပါတယ်။
“အိမ်ကနေ စစ်ရှောင်ပြေးလာတဲ့အတွက် နောက်ပြီးတော့ သူတို့ အိမ်မှာရှိတဲ့ အသုံးအစောင်ပစ္စည်းတွေ ဘာမှ မပါလာခဲ့ဘူး။ မပါလာခဲ့တော့ ဒီမှာလည်း ငတ်မွတ်ခေါင်းပါးရောက်သွားမယ်ပေါ့။ သူတို့ စိတ် အပူဆုံးက ဘယ်လောက်အထိ ကြာမယ်ဆိုတာ အဲဒါကိုပဲပေါ့နော်”
တောင်နောက်ကျောင်းမှာ ခိုလှူံနေကြတဲ့ ဒုက္ခသည်တွေအတွက် စောင်နဲ့ အမျိုးသမီးသုံးပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း သူကပြောပါတယ်။
ကျောက်မဲမြို့ ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည် ၁၄၀၀ ကျော်ထဲက ခိုအုံကျေးရွာက ရှမ်းစာပေယဉ်ကျေးမှု သင်တန်းကျောင်းမှာ ခိုလှုံနေကြတဲ့သူဟာ ၆၄၆ ဦးရှိပါတယ်။
မူလက လူဦးရေ ၂၀၀ လောက်ကိုသာ လက်ခံထားဖို့ဖြစ်ပေမယ့် ထွက်ပြေးလာသူတွေ များလာတာကြောင့် အရေးပေါ် ဝါးတဲတွေ ထိုးနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ ကျောက်မဲမြို့ ရှမ်းစာပေ ယဉ်ကျေးမှုဥက္ကဋ္ဌ စိုင်းစိုးညွှန့်က ပြောပါတယ်။
“ဒီမှာက သူတို့ ရုတ်တရက်ကြီးလေ အများကြီးဆင်းလာတာ။ ကျွန်တော်တို့ လက်ခံနိုင်တာ လူနှစ်ရာ၊ သုံးရာ အလွန်ဆုံး အဲလောက်ပဲပေါ့။ ဒါပေမဲ့ သူတို့ကလည်း ဒီနေရာပဲ သိတယ်။ ရှမ်းစာပေယဉ်ကျေးမှုပဲ အားကိုးတကြီးပေါ့နော်။ မြို့ထဲမှာလည်း ကိုဗစ်ရောဂါနဲ့ဆိုတော့ ဘုန်းကြီးကျောင်းအချို့ကလည်း ချက်ချင်းလက်ခံလို့ မဖြစ်ဘူးလေနော်။ ရောဂါတွေကလည်း များနေတော့ ဒီကိုပဲလာကြတယ်။ လာကြတော့ ကျွန်တော်တို့ဘက်ကလည်း နေရာတော့ရှိတယ် အဆောက်အအုံက အလုံအလောက် မရှိတော့ အရေးပေါ်ပေါ့။ အရေပေါ် သူတို့နေဖို့နေရာကို ကျွန်တော်တို့ ဆောက်ရတာပေါ့နော်။ အခုလဲ ပေတစ်ရာ ပေသုံးဆယ် အဆောက်အဦးကို ကျွန်တော်တို့ သုံးလေးလုံးလောက် ဆောက်ဖို့လိုသေးတယ်။ ဒီမှာက ခြောက်ရာကျော်ရှိတယ်။ ဒါပေမဲ့ ထပ်လာချင်တဲ့သူက အမျိုးအိမ်တွေမှာ ကပ်နေတဲ့ဟာတွေက ရှိသေးတယ်။ သူတို့ဒီကိုလာဖို့ ရည်ရွယ်ထားတယ်။ ဒါကြောင့်မို့ ကျွန်တော်က ထပ်ဆောက်ထားဖို့ လိုတယ်။ အဲ့ဒါကြောင့် ကျွန်တော်က အရေးပေါ်ပေါ့နော်၊ ဆောက်နေရတာပေါ့နော်”
ရှမ်းစာပေယဉ်ကျေးမှုကျောင်းက ဒုက္ခသည်တွေအတွက် ရေနဲ့ အိမ်သာတွေ အရေးပေါ်လိုအပ်နေတယ် လို့လည်း စိုင်းစိုးညွှန့်က ပြောပါတယ်။
ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးလာတကြတဲ့ ဒုက္ခသည်တွေဟာ သူတို့ ကျေးရွာတွေမှာ လက်ဖက်လုပ်ငန်းကို အဓိကထား လုပ်ကိုင်ခဲ့ကြတာပါ။
အခုလက်ရှိကာလဟာ လက်ဖက်ခူးချိန်ဖြစ်လို့ တိုက်ပွဲတွေ အမြန်ရပ်ပြီး နေရပ်ပြန်ခွင့်ရဖို့ မျှော်လင့်နေကြတာလို့ ဟူးဆွန်ရွာသူ ဒေါ်ခင်ပုက ပြောပါတယ်။
“လက်ဖက်ခြံလေးကို နှမြောတာ။ ပြန်ချင်တယ်။ ဒါပေမဲ့ ပြန်လို့ရမှာလား ပြန်လို့မရဘူးလား မသိသေးဘူး။ ခူးစရာလည်း ရှိသေးတယ်။ ခူးထားတဲ့ဟာလည်း မရောင်းရသေးဘူး။ လက်ဖက်စိုလည်းရှိတယ်၊ လက်ဖက်ခြောက်လည်း ကျန်တယ်။ တစ်ညွန့်မှ မပါခဲ့ရဘူး။ သိန်းနှစ်ဆယ် သုံးဆယ်လောက်တော့ရှိမှာ။ တချို့အိမ်ကတော့ အဲလောက်မရှိဘူး။ လက်ဖက်ခြံကြီးတဲ့ အိမ်ကတော့ ပိုက်ဆံ သိန်းပေါင်းနှစ်ဆယ် သုံးဆယ်အဲ့လောက်တော့ ရှုံးတယ်”
ဒုက္ခသည် ၂၀၀ ကျော် ထွက်ပြေးခိုလှုံနေတဲ့ ကျောက်မဲမြို့ မန်ခါးကျေးရွာမှာတော့ မနေ့က SSPP နဲ့ TNLA တပ်ဖွဲ့တွေ ရွာထဲကို ဝင်ရောက်လာတဲ့အတွက် ကျေးရွာသားတွေ ထိတ်လန့်တကြားဖြစ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ သီပေါမြို့နယ်အတွင်းမှာလည်း မနေ့ နေ့လယ်ပိုင်းကစလို့ သီပေါ-နမ္မတူလမ်းပိုင်း မိုးတေနဲ့ မန်လီရွာကြားမှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းစစ်ရေး တင်းမာနေပြီး ဒီကနေ့အထိ သီပေါ-နမ္မတူလမ်းပိုင်း ခရီးသွား လာ ခွင့်ခေတ္တ ပိတ်ထားတယ်လို့ မန်လီကျေးရွာသား တစ်ဦးက ပြောပါတယ်။
သီပေါမြို့နယ်အတွင်း စစ်ရေးတင်းမာမှုကြောင့် ဆွန်လုံ၊ ချောင်းဆုံ၊ မိုးတေ၊ ကွန်စံလိန်၊ ဟာလျံ စတဲ့ ကျေးရွာတွေက ဒေသခံ ၃၄၇ ဦးဟာ သီပေါမြို့အောင်မင်္ဂလာ ဘိုးတော်ကျောင်းမှာ ထွက်ပြေးနေကြ ရပါတယ်။
ကျောက်မဲမြို့နယ် ဟူးဆွန်တောင်တပ်စခန်း တိုက်ပွဲမှာ နိုဝင်ဘာလ ၉ ရက် မနေ့ကအထိတော့ ဟူးဆွန်တောင်တပ်စခန်းကို RCSS တပ်ဖွဲ့က ဆုတ်ခွာပေးလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ RCSS ပြန်ကြားရေးတာဝန်ရှိသူကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
SSPP ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူး စိုင်းဘုန်းဟန် ကတော့ လက်ရှိ ကျောက်မဲမြို့နယ်အတွင်းက တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ တိတိကျကျ မသိရသေးဘူးလို့ ပြောပါတယ်။
TNLA တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက် နေ့မှာ ဟူးဆွန်၊ ဟူးကွက်မှာ ရှိတဲ့ RCSS တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ မှန်ကြောင်း ပြောပေမယ့် အသေးစိတ်ကို ပြောဆိုတာမရှိပါဘူး။
RCSS တပ်ဖွဲ့ ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကို ပြန်လည်ဝင်ရောက်ခဲ့ ပြီး ရှမ်းပြည်နယ်အတွင်းက စစ်ရေးအရ အရေးပါတဲ့နေရာ တော်တော်များများကို ထိန်းချုပ်ထားနိုင်ခဲ့တာပါ။
အခုနှစ်ဆန်းပိုင်းကစလို့ RCSS ထိန်းချုပ်ထားတဲ့ နယ်မြေတော်တော်များကို SSPP၊ TNLA ပူးပေါင်းအဖွဲ့တွေ က ပြန်လည် တိုက်ခိုက်ထိန်းချုပ်နေပြီး ရှမ်းပြည်နယ်အတွင်းက နေရာတော်တော်များမှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲတွေ မကြာခဏဖြစ်နေပြီး ဒေသခံတွေ စစ်ဘေးဒဏ်ကို ခံစား နေကြရတာပါ။
ရှမ်းပြည်နယ်အတွင်း ရှမ်းပါတီတွေ၊ ရှမ်းလူငယ်နဲ့ သံဃာတွေက တိုက်ပွဲရပ်တန့်ရေးနဲ့ လက်နက်ကိုင်အဖွဲ့ အချင်းချင်း တွေ့ဆုံဆွေးနွေးရေးကို မကြာခဏ တောင်းဆိုနေပေမယ့် လက်နက်ကိုင်နှစ်ဖွဲ့ကြားမှာ နယ်မြေ စိုးမိုးမှု ပြဿနာနဲ့ ပတ်သက်လို့ ညှိနှိုင်းမရသေးဘူးလို့ ရှမ်းလက်နက်ကိုင်အဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူတွေ က RFA ကို ပြော ဆိုထားကြပါတယ်။