ပျက်စီးလယ်မြေ ပြန်ပြုပြင်ပေးဖို့ CNPC ကို ဆန္ဒပြတောင်းဆို
2016.05.02

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ တရုတ်နိုင်ငံကို ပို့ဆောင်နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေကို ပြန်လည်ပြုပြင်ပေးဖို့နဲ့ ပြီးခဲ့တဲ့နှစ်အတွက် သီးနှံလျော်ကြေးပေးဖို့ ဒေသခံ ၁၀၀ ကျော်က CNPC ရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေကို ပြန်လည်လုပ်ကိုင်လို့ရအောင် ဆောင် ရွက်ပေးစေချင်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ဂုံးချွိန်ရွာခံ ဒေါ်ကြည်ကြည်နှင်းက ပြောပါတယ်။
"၂ဝ၁၅ ခုနှစ် ရာသီမှာ သီးနှံလျော်ကြေးရယ်၊ လယ်ယာမြေကို ပြန်ပြုပြင်ပေးဖို့ရယ် တောင်းဆိုပါတယ်ရှင့်၊ ခုပိုက် လိုင်းတောက်လျောက်မှာ တချို့က လယ်ယာမြေ နည်းနည်းစိုက်လို့ရတယ်၊ ဒါပေမဲ့ နဂိုအတိုင်း သီးနှံမဖြစ်တာရှိ တယ်၊ တချို့ကျတော့ လုံးလုံးစိုက်လို့မရတာရှိတယ်၊ အခုဆန္ဒပြတဲ့ လယ်သမားတွေက လုံးလုံးကို စိုက်လို့မရတဲ့ လယ်သမားတွေပါ"
ဒေသခံတွေက CNPC ကုမ္ပဏီ ထွက်သွားပေးဖို့၊ ရွှံ့ဖုံးလယ်ယာမြေတွေအရေး ဖြေရှင်းပေးဖို့နဲ့ လယ်သမားတွေရဲ့ အခွင့်အရေးအတွက် ဖြေရှင်းပေးဖို့ စတဲ့အချက်တွေနဲ့တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြရာမှာပါဝင်တဲ့ တောင်သူတွေတွေဟာ ကျောက်ဖြူမြို့နယ် ဂုံးချွိန်၊ အုန်းတော၊ လိပ်ခမော်စတဲ့ကျေးရွာတွေ ကဖြစ်ပြီး မလကျွန်းကနေ မဒေးကျွန်းဘက်ကိုသွယ်တန်းထားတဲ့ ပိုက်လိုင်းကြောင့် လယ်ယာမြေတွေ ပျက်စီး တာလို့ ပြောပါတယ်။
မလကျွန်းပေါ်က အဲ့ဒီဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်လောက်က စတင်ခဲ့တာဖြစ်ပြီး ၂၀၁၂ မိုးရာသီကစတင်ကာ ပိုက်လိုင်းဝဲယာမှာရှိတဲ့ လယ်ယာမြေတွေကို ရွှံ့နွံတွေဖုံးလွှမ်းပြီးပျက်စီးခဲ့တာဖြစ်ပါတယ်။
CNPC ကုမ္ပဏီက အဲဒီပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် သီးနှံလျော်ကြေးတွေကို ၂၀၁၄ ခုနှစ်ထိပေး ခဲ့ပေမယ့် ၂၀၁၅ ခုနှစ်ကစပြီး ဒီနေ့အထိ မပေးတော့ဘူးလို့လည်း ဆန္ဒပြတောင်သူတွေက ပြောပါတယ်။