သံဇစ်မြစ်ပင်လယ်ရေအရောင် ပြောင်းလဲမှု မြို့ခံတွေ ဆွေးနွေး


2018.07.30
kyaukphyu-water-pollution-622.jpg ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း ရေထုညစ်ညမ်းနေမှုကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: Tun Kyi Kyi - facebook

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီး သံဇစ်မြစ်ပေါ်မှာ ပင်လယ်ရေထုအရောင် ပြောင်းလဲ မှုတွေ ပေါ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိကျတဲ့အဖြေမှန်တစ်ခုရအောင်ဆောင်ရွက်ဖို့ ကျောက်ဖြူမြို့ခံတွေက ဒီနေ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

အစိုးရဘက်ကလည်း ပင်လယ်ရေထုပြောင်းလဲမှုရဲ့အကြောင်းရင်းကို ထုတ်ပြန်ဖို့လိုအပ်တယ်လို့ ဒီနေ့အစည်း အဝေးတက်ရောက်ခဲ့တဲ့ မဒေးကျွန်း-ဦးထွန်းကြည်က ပြောပါတယ်။

"သာမန်အားဖြင့် ဘယ်လိုမှမသိနိုင်တဲ့ကိစ္စဖြစ်လို့ စမ်းသပ်ပြီးတော့ မဖြစ်ဖြစ်အောင် အဖြေရှာကြမယ် ဆိုပြီးတော့ ဆုံးဖြတ်ချက်ချကြပါတယ်၊ ဒီလောက်ဖြစ်ပျက်နေတာကို ပေါ့ပေါ့တန်တန်မစဉ်းစားဘဲနဲ့ ဘာကြောင့်ဖြစ်တယ်၊ ဘယ်သူ့ကြောင့်ဖြစ်တယ် တိတိကျကျသေချာတဲ့အဖြေတစ်ခုကို ကျနော်တို့ ကို ပေးစေချင်ပါတယ်၊ ဒီဟာကြီးကို ဘယ်လိုကာကွယ်ရမလဲ၊ ဘယ်လိုသန့်ရှင်းအောင်လုပ်ရမလဲ အဲလိုအဆင့်မျိုးကိုပါ လုပ်ပေးပါလို့ ပြောချင်ပါတယ်ခင်ဗျ"

ကျောက်ဖြူမြို့နဲ့ ရှစ်မိုင်လောက်အကွာ မဒေးကျွန်းအနီး သံဇစ်မြစ်ပေါ်မှာ လွန်ခဲ့တဲ့ ဆယ်ရက်ကျော်လောက် ကပင် နောက်ကျိနေတဲ့ရေထုနဲ့ ကြည်လင်တဲ့ရေထု နှစ်ခုဟာ တစ်နေရာတည်းမှာမရောနှောဘဲ ဆက်စပ်ဖြစ်ပေါ်နေတာဖြစ်ပြီး ဒီနေ့အချိန်အထိ မပြောင်းလဲဘဲရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီအနေအထားဟာ ဆယ်မိုင်လောက်အထိ ရှည်လျားနိုင်တယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။

အဲဒီရေတွေကို အစိုးရတာဝန်ရှိသူတွေက သွားရောက်လေ့လာပြီး ရေနမူနာကို ဓာတ်ခွဲစမ်းသပ်ဖို့ ဆောင်ရွက်နေ သလို မြို့ခံတွေဘက်ကလည်း ဓာတ်ခွဲစမ်းသပ်ဖို့ ရန်ကုန်မြို့ကို မနေ့က ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အခုလိုရေထုအရောင်ပြောင်းလဲမှုဟာ အရင်ကဖြစ်ပေါ်ခဲ့ဖူးတာ မရှိတဲ့အတွက် တံငါလုပ်ငန်းလုပ်ကိုင်သူတွေ နဲ့ ဒေသခံတွေအကြားမှာ စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။

လက်ရှိရေထုပြောင်းလဲမှုဖြစ်ပေါ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မဒေးကျွန်းပေါ်က တရုတ်နိုင်ငံကို ပို့ဆောင်တဲ့ ရေနံသိုလှောင်ကန်တွေရဲ့ အညစ်အကြေးစွန့်ပစ်တဲ့စနစ်တွေအပေါ် ဒေသခံတွေအကြား သံသယရှိနေကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို မြို့ခံ ၅၀ လောက်နဲ့ ကျောက်ဖြူမြို့ သာသနာ့ဗိမာန်မှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။