တပ်သိမ်းမြေကိစ္စ ကျောက်တော်မြို့ ဒေသခံတွေ ဆန္ဒပြ


2018.09.16
army-land-protest-622.JPG တပ်သိမ်းမြေ ပြန်လည်ရရှိရေးအတွက် ကျောက်တော်မြို့မှာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က ဆန္ဒပြခဲ့စဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ တပ်မတော်က သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ပြန်လည်ပေးအပ် ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်မှာ ပြောကြားခဲ့ပေမဲ့ လက်တွေ့မှာတော့ မြေယာတွေ ပြန်မပေးသေးတာကြောင့် ဒေသခံတွေက ကျောက်တော်မြို့မှာ ဒီနေ့ ဆန္ဒပြခဲ့ ကြပါတယ်။

ဒီနေ့ ဆန္ဒပြပွဲမှာ တောင်သူ ၁၀၀ ကျော်ပါဝင်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်ရဲ့စကားကို ပြန်လည်ပြုပြင်ပေးဖို့၊ တပ်သိမ်းမြေတွေ ပြန်လည်ရရှိဖို့၊ ဗဟိုမြေယာကော်မတီက ပြန်လည်စစ်ဆေးပေးဖို့ စတဲ့ အချက်တွေနဲ့ ကြွေးကြော်ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

ကျောက်တော်မြို့နယ် အရှေ့ဘက်ကမ်းက လမ်းတော်၊ ညောင်ပင်လှ၊ ပိန္နဲချောင်းစတဲ့ ကျေးရွာတွေက လယ်ယာမြေ ဧက ဧက ၁၃၀၀ ကျော်ကို စကခ(၉)နဲ့ ခမရ(၃၇၅) တပ်တွေက ပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အတွင်း သိမ်းယူခဲ့တာဖြစ်ပါတယ်။

သိမ်းယူထားတဲ့မြေတွေထဲက ဧကပေါင်း ၈၀၀ ကျော်မှာ အဆောက်အဦးတွေ ဆောက်လုပ်ထားပြီး ကျန်တဲ့ ဧကပေါင်း ၅၀၀ ကျော်မှာတော့ ဘာအဆောက်အဦးမှ ဆောက်လုပ်တာမရှိဘဲ လယ်မြေတွေအဖြစ်နဲ့ တပ်မတော်က တောင်သူတွေကို ပြန်လည်ပြီး သီးစားချထားတယ်လို့ တောင်သူတွေက ပြောပါတယ်။

အဲဒီတပ်သိမ်းမြေတွေကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ရှင်းလင်းခဲ့ပါတယ်။

တောင်သူတွေဟာ သူတို့ရဲ့ လယ်ယာမြေတွေအတွက် ကာလပေါက်ဈေးအတိုင်း မြေယာလျော်ကြေးငွေ ရရှိဖို့ကိုလည်း တောင်းဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။