ဦးကျော်မြင့်ကို ထောင်ပြေးမှုနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်
2020.11.12
ထောင်ကနေထွက်ပြေးမှုအပါအဝင်၊ တခြားအမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ပထမဆုံးအနေနဲ့ ထောင်ပြေးမှုအတွက် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက် ပါတယ်။
ချမ်းအေးသာစံမြို့နယ် တရားသူကြီးဦးကျော်မျိုးဝင်းက ဒါဟာ အရင်ကျခံဆဲ ထောင်ဒဏ်အပြင် အပိုဆောင်း ပြစ်ဒဏ်ဖြစ်တယ်လို့ ပြောပါတယ်။
“သီးခြားစီပေါ့၊ အပိုဆောင်းဆိုတာ ပုဒ်မ ၂၂၄ မှာလည်း ဖော်ပြပြီးဖြစ်ပါတယ်။ တရားရုံးက ချမှတ်တာက မျှတတဲ့ အပြစ်ဒဏ်ချတာပါ။ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်တယ်ဆိုတာကလည်း ထောင်ဒဏ်က နည်းပါတယ်။ အမြင့်ဆုံး နှစ်နှစ်ပဲ ရှိတယ်။ ထွက်ပြေးတဲ့ အကျိုးဆက်ကြောင့် ထောင်ဒဏ်ကျခံခဲ့ရတယ်ဆိုတဲ့သူတွေရဲ့ တရားရုံးက သင့်တော်မယ်လို့ ယူဆလို့ချတာပါ။ ထောင်ကျတရားခံဖြစ်လို့ ချုပ်ရက် ခံစားခွင့်မရှိဘူး။"
ဦးကျော်မြင့်ဟာ ဟာ ၁၉၉၉ ခုနှစ်က အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅ (ည)၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၉ အရ ထောင်ဒဏ် ၉ နှစ် ကျခံနေရတဲ့အချိန်၊ တစ်နှစ်မပြည့်ခင်မှာပဲ မန္တလေး ဆေးရုံကြီးကနေ ထွက်ပြေးခဲ့တာကြောင့် အခုနှစ်ပေါင်း ၂၀ကျော်အကြာမှာ ပြန်အဖမ်းခံရတာပါ။ ဒါကြောင့် အဲဒီအချိန်ကကျန်နေတဲ့ ထောင်ဒဏ်ကိုလည်း အခုဆက်ပြီး ကျခံရမှာဖြစ်တယ်လို့ တရားသူကြီး ကပြောပါတယ်။
ဦးကျော်မြင့်ရဲ့ ရှေ့နေ ဦးနေလင်းထွန်းကတော့ တရားရုံးအနေနဲ့ သူ့အမှုသည်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးကို ထည့်သွင်းစဉ်းစားစေချင်တယ်လို့ ဆိုပါတယ်။
“အမြင့်ဆုံးပြစ်ဒဏ်ချမှတ်တဲ့အပေါ်မှာတော့ တစ်စုံတစ်ရာ မှတ်ချက်တော့ မပေးလိုဘူး။ ပြောချင်တာကတော့ သူ့ရဲ့အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေအရ ထည့်သွင်းစဉ်းစားစေချင်ပါတယ်ပေါ့။ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်လိုက်တာကတော့ ဒါဥပဒေအရ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ ချတာကိုတော့ လက်ခံလို့ ရပါတယ်။ တရားခံရဲ့ ကျခံရမယ့် အချိန်အတိုင်းအတာမှာ သူ့ရဲ့အသက်အရွယ်နဲ့ ကျန်းမာရေးအရလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”
ဦးကျော်မြင့်ကို ကနဦး စစ်ဆေးတွေ့ရှိချက်တွေအရ ငွေကြေးခဝါချမှု၊ တရားမဝင်နိုင်ငံအတွင်း ဝင်ရောက်မှုတွေနဲ့ ငြိစွန်းနေတယ်၊ သူ့ကို ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်နိုင်တဲ့ “၂၀၁၄ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူနိုင်တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူး ချုပ် ဦးဇော်ဌေး က အောက်တိုဘာလ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
လောလောဆယ်တာ့ ငွေကြေးခဝါချမှုနဲ့ တရားစွဲခံရတာ မရှိသေးဘူးလို့လည်း ရှေ့နေ ဦးနေလင်းထွန်း က ပြောပါတယ်။
“လောလောဆယ် စွဲဆိုထားတာ မကြားရသေးဘူး၊ မတွေ့သေးဘူး၊ စစ်ဆေးဆဲလို့ပဲ ကျနော်တို့ သိထားရသေးတယ်။ ဘယ်မှာတရားစွဲမယ်ဆိုတာ မသိသေးဘူးပေါ့နော်”
ဦးကျော်မြင့်ကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃(၁) ပြည်ပကိုတရားမဝင်ထွက်ခွာမှုနဲ့ စွဲချက် တင်သင့် မတင်သင့်ဆို တာကိုတော့ လာမယ့် နိုဝင်ဘာ ၂၅ ရက်နေ့မှာ တရားရုံးက အမိန့်ချမှာ ဖြစ်ပါတယ်။ သူဟာ ထောင်ကနေထွက်ပြေးသွားချိန်က ထိုင်းနိုင်ငံဘက်ကိုရောက်သွားသလို၊ အဲဒီကနေ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတို့ကိုရောက်သွားပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ မြန်မာပြည်ကိုပြန်ဝင်လာပြီး နိုင်ငံရေးပါတီတည်ထောင်ထားတာဖြစ်ပါတယ်။ အခုပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ နိုင်ငံတဝှမ်း ကိုယ်စားလှယ် အများဆုံးဝင်ပြိုင်ဖို့ ပြင်ဆင်ထားချိန်မှာ သူ့နောက်ကြောင်းတွေပေါ်လာပြီး အဖမ်းခံလိုက်ရသလို၊ ပါတီပါ ဖျက်သိမ်းခံလိုက်ရတာဖြစ်ပါတယ်။