ရခိုင်အရေး ပြင်ပဖိအားတွေကို ပြည်သူတွေရဲ့ ညီညွတ်မှုအင်အားနဲ့ ရင်ဆိုင်မယ်လို့ ဝန်ကြီးပြော
2018.09.19

ရခိုင်အရေးနဲ့ ပတ်သက်ပြီး တဖက်သတ် ဖိအားပေးစိန်ခေါ်မှုတွေကို ပြည်သူရဲ့ ညီညွတ်မှုအင်အားနဲ့ ရင်ဆိုင် ကျော်လွှားသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ဒီနေ့ ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်ရဲ့ အခြေအနေအရပ်ရပ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဝန်ကြီး ဦးကျော်တင့်ဆွေ က ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ရှင်းလင်းတင်ပြရာမှာ ထည့်သွင်းပြောကြားတာပါ။
ဝန်ကြီး ဦးကျော်တင့်ဆွေက ရခိုင်အရေးဖိအားပေးမှုတွေနဲ့ ပတ်သတ်ပြီး အခုလို ပြောပါတယ်။
"ဒီကနေ့ ၂၁ ရာစု တစ်ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ် ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ လိုက်လျောညီထွေဖြစ်မယ့် ချည်းကပ်မှုအသစ်၊ ထင်မြင်ချက်အသစ်၊ ဒေသအမြင်၊ ကမ္ဘာ့အမြင်တွေနဲ့ လိမ္မာပါးနပ်စွာ ဖြေရှင်းဆောင်ရွက် ရမှာဖြစ်ပါတယ်၊ တရားမျှတမှုမရှိတဲ့ စိန်ခေါ်မှုများ၊ တဖက်သတ် ဖိအားပေးစိန်ခေါ်မှုများကို ပြည်သူရဲ့ ညီညွတ်တဲ့ အင်အားနဲ့ စုပေါင်းရင်ဆိုင်ကျော်လွှားသွားရမှာ ဖြစ်ပါတယ်"
ဒါ့အပြင် ရခိုင်အရေးမှာ မိမိရဲ့ အချုပ်အခြာအာဏာကို ကျင့်သုံးပြီး ပြည်တွင်းရေးကိစ္စကို ကိုယ်တိုင်ဖြေရှင်းနိုင်စွမ်း ရှိတဲ့အကြောင်း၊ ဖြေရှင်းဆောင်ရွက်နိုင်ဖို့လည်း စိတ်ပိုင်းဖြတ်ချက် အခိုင်အမာရှိကြောင်းလည်း ပြောပါတယ်။
ရခိုင်အရေး ကိုင်တွယ်ဖြေရှင်းရာမှာ မတူကွဲပြားမှုတွေအကြားမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဦးတည်ကြောင်း၊ တင်းမာမှုတွေ ဖြစ်ပွားစဉ်က ရှိခဲ့တဲ့ ရှုမြင်ချက်အဟောင်း၊ အယူအဆဟောင်းတွေနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ ရှေ့ရေးကို မျှော်မှန်းပြီး လုပ်သင့်လုပ်ထိုက်တာကို ခက်ခက်ခဲခဲ လုပ်ဆောင်နေရချိန်မှာ နားလည်မှု ယုံကြည်မှုအပြည့်နဲ့ ထောက်ခံအားပေးတဲ့ ပြည်သူတွေကို ကျေးဇူးတင်တယ်လို့လည်း ပြောခဲ့ပါတယ်။