ဦးကျော်တင့်ဆွေ ကို ဝန်ကြီးတာဝန် အတည်ပြု
2016.05.17

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီးအဖြစ် အငြိမ်းစားသံအမတ်ကြီး ဦးကျော်တင့်ဆွေကို ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတက အဆိုပြုထားတာကို ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
ကန့်ကွက်သူမရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။
"ကန့်ကွက်လိုတဲ့အမည်စာရင်း ပေးပို့ရန် နောက်ဆုံးသတ်မှတ်ချိန်ထိ ကန့်ကွက်ချက်တစ်စုံတစ်ရာ မရှိတဲ့အတွက် နိုင်ငံတော်သမ္မတက တင်ပြထားတဲ့ ဦးကျော်တင့်ဆွေအား နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန်လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်"
ဦးကျော်တင့်ဆွေဟာ ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူခဲ့ဖူးတဲ့ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ပါဝင်ခဲ့သူဖြစ်သလို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှာလည်း ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဖွဲ့စည်းရေးမှာ ဦးကျော်တင့်ဆွေက တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။
ဒီနေ့ လွှတ်တော်အစည်းအဝေးမှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးကျော်မျိုး နဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ်အဖြစ် ဦးဝင်းမြင့် တို့ကို ခန့်အပ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။
မနက်ဖြန် ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ဦးကျော်တင့်ဆွေက ဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်သမ္မတ က ကျန်းမာရေးဝန်ကြီးဌာနကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အဖြစ် နာမည်ပြင်ဆင်ပြောင်းလဲဖို့ သဝဏ်လွှာပေးပို့ထားတာကိုလည်း မနက်ဖြန် ကြေညာမှာဖြစ်ပါတယ်။