လားဟူပါတီ ၂၈ နေရာ၊ ဇိုပါတီ ၁၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်


2015.07.15

ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ လားဟူအမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေက မဲဆန္ဒနယ်မြေ ၂၈ နေ ရာမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီ ဥက္ကဌ ဦးယောသပ်က ပြောပါတယ်။

လားဟူတိုင်းရင်းသားတွေဟာ လူဦးရေ သုံးသိန်းနီးပါးရှိပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြောက်ပိုင်းနဲ့တောင်ပိုင်းဒေ သတွေမှာ အများဆုံးနေထိုင်ကြတယ်လို့ သိရပါတယ်။

လားဟူအမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီကို ၁၉၈၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာ ရှမ်းပြည် နယ်လွှတ်တော် ကိုယ်စားလှယ် တစ်နေရာရခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စား လှယ် နှစ်နေရာရရှိခဲ့ပါတယ်။

လားဟူအမျိုးသား ဖွံဖြိုးတိုးတက်ရေးပါတီနဲ့"ဝ" အမျိုးသားဖွံဖြိုးတိုးတက်ရေး ပါတီတို့ဟာ မဟာမိတ်ဖွဲ့ထားတဲ့ ပါတီတွေ လည်း ဖြစ်ပါတယ်။

ဒီအတောအတွင်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အခြေစိုက် ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီက ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးက မဲဆန္ဒနယ်မြေ ၄ ခုမှာ ကိုယ်စားလှယ်လောင်း ၁၆ ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင် မယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ ဇိုတိုင်းရင်းသားတွေအများစုနေထိုင်တဲ့ စစ်ကိုင်းတိုင်း အတွင်းက ကလေး၊ တမူး၊ ချင်းပြည်နယ်ထဲက တီးတိန်၊ တွန်းဇံ စတဲ့ မြို့နယ်တွေကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ပါတီ ဥက္ကဌ ဦးခမ်အင်ထန်း က ပြောပါတယ်။

ချင်းတိုင်းရင်းသားတွေကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် ချင်းမျိုးနွယ်စု ပါတီစုစုပေါင်း ၁၂ ပါတီအထိရှိနေပြီး အဲဒီပါတီတွေအားလုံးဟာ ရွေးကောက်ပွဲ မတိုင်ခင်မှာ တွေ့ဆုံညှိနှိုင်းသွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီကို ဇူလိုင် ၉ ရက်နေ့ကမှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ပါတီမှတ်ပုံ တင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဌ ဦးယောသပ်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

တဆက်တည်း ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးပါတီဥက္ကဌ ဦးခန်အင်ထန်းကို RFA သတင်းထောက် မမိုးကလျာဦး ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။