လက်ပံတောင်းတောင် ရွာတွေမှာ ပြည်သူ့လယ်ယာမြေ ကာကွယ်ရေးကော်မတီ ဖွဲ့စည်း
2013.05.19
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ သိမ်းဆည်းခံထားရတဲ့ ဒေသခံတွေရဲ့ နစ်နာမှုတွေကို သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ဖြေရှင်းဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ဒေသခံကျေးရွာ ၁၃ ရွာအသီးသီးမှာ ပြည်သူ့လယ်ယာမြေ ကာကွယ်ရေးကော်မတီတွေကို ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပြီလို့ သိရပါတယ်။
ဒေသခံတွေရဲ့ လယ်မြေကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီကော်မတီကနေ အဓိကထားဆောင်ရွက်သွားမယ်လို့ တုံရွာမ ဒေသခံဖြစ်သူ ဦးမင်းက RFA ကို ပြောပါတယ်။
"အဲဒီကော်မတီဟာဆိုရင် ဒေသခံတွေရဲ့ လယ်ယာမြေတွေကို မဆုံးရှုံးအောင်ကာကွယ်သွားမယ်၊ အာဏာပိုင်အဖွဲ့အစည်းတွေ ကုမ္ပဏီအဖွဲ့အစည်းတွေကို အဲဒီကော်မတီကပဲ တွေ့ဆုံဆွေးနွေးမယ်၊ ကော်မတီရဲ့ ဆုံးဖြတ်ချက်ကိုပဲ ဒေသခံပြည်သူတွေက အကုန်လုံးလိုက်နာကြမယ်ပေါ့နော်၊ ဒေသခံစစ်စစ်တွေ ဖွဲ့စည်းထားတဲ့ကော်မတီဖြစ်တယ်"
ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့ ကော်မတီ ၁၃ ခုမှာ ဒေသခံကိုယ်စားလှယ်တွေသာပါဝင်ပြီး ဒီကော်မတီအားလုံးကိုပေါင်းစည်းကာ အဖွဲ့ချုပ်တစ်ခု ထပ်မံဖွဲ့စည်းသွားဖို့ရှိတယ်လို့လည်း ဦးမင်းက ဆိုပါတယ်။
လက်ပံတောင်းတောင်မှာ လယ်ယာမြေ အသိမ်းခံရတဲ့ ပြဿနာတွေကို ပြီးခဲ့တဲ့နှစ်အတွင်းက ဒေသခံတွေဟာ တောင်းဆိုဆန္ဒပြခဲ့တာတွေရှိခဲ့ပေမယ့် အခုဒီကော်မတီဖွဲ့စည်းပြီးချိန်ကစတင်ပြီး ကော်မတီရဲ့ အဆုံးအဖြတ်နဲ့ပဲ လယ်ယာမြေကိစ္စတွေကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။