လပွတ္တာမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်


2016.03.01
lutputar-fire-620.jpg လပ္ပတ္တာမြို့မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က မီးလောင်ခဲ့တာကြောင့် ပျက်စီးနေတဲ့နေအိမ်တွေကို တွေ့ရစဉ်
Photo: Kyaw Htoon Naing/RFA

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ရပ်ကွက် ၃ခုမှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့နေရာမှာ ခွင့်ပြုချက်မရရှိဘဲ နေအိမ်ပြန်လည်ဆောက်လုပ် နေတာတွေ ရှိနေတာကြောင့် ပုဒ်မ ၁၄၄ အမိန့်ထုတ်လိုက်တာလို့ လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက ပြောပါတယ်။

"အဓိကကတော့ မီးလောင်လွင်ပြင်နေရာမှာ စနစ်တကျအကွက်ပြန်ရိုက်ပြီးမှ ခွင့်ပြုချက်ကျမှ ဆောက်ဖို့လိုပါတယ်၊ တချို့ကဒါတွေကို မလိုက်နာဘဲ စည်းမဲ့ကမ်းမဲ့ လုပ်တာတွေ ဒီ့ထက်စည်းကမ်းမပျက်အောင် ထုတ်လိုက်တာ၊ အများပြည်သူထိခိုက် နစ်နာစေမယ့်ကိစ္စတွေ မဆောင်ရွက်ဖို့၊ အဓိကဒါတွေကိုရည်ရွယ်တာပါ၊ လူတွေက စည်းမဲ့ကမ်းမဲ့အရမ်းများတယ်၊ မီးလောင်ပြင်ဆိုတာမဝင်ရဘူး၊ မီးလောင်ပြင်မှာ ဝင်ပြီးတော့ စီးပွားရှာတာရှိတယ်၊ သံတိုသံစကောက်တာရှိတယ်၊ အမှန်တော့ မီးလောင်ပြင်ဆိုတာ အပြင်လူမဝင်ရဘူး၊ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်မှာဆိုးလို့ ကြိုတင်ပြီးတော့ ကာကွယ်ထားတာပါ"

အဲဒီပုဒ်မ ၁၄၄ ဟာ ၂ လ အကျုံးဝင်မှာဖြစ်ပြီး ဒေသခံတွေ သိရှိနိုင်အောင် လိုက်လံကြေညာထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က လပွတ္တာမြို့ အမှတ် ၁၊ ၄ နဲ့ ၅ ရပ်ကွက်တွေက အိမ်ခြေ ၂၀၀ နီးပါးနဲ့ ဂဏန်းရောင်းဝယ်ရေး ဆိုင်ခန်း ၁၃၀ ကျော် မီးလောင် ပျက်စီးခဲ့ပါတယ်။

မီးဘေးဒုက္ခသည်တွေအတွက် ဖွင့်ပေးထားတဲ့ ယာယီကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စု ရှစ်စုလောက်သာ နေထိုင်နေကြပြီး အများစုက နီးစပ်ရာဆွေမျိုး အိမ်တွေမှာ နေထိုင်နေကြတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။