လက်ပန်းတောင်းမှာ ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းပြော

လက်ပန်းတောင်း အရေးကို ပြေလည်စွာ ဖြေရှင်းပေးမယ် လို့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်း ဒေသခံပြည်သူများနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

2012.11.29
dassk-latpadaung-seminer-305 တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအနီးက ကံကန်ကုန်းကွင်းပြင်မှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံစဉ်
Photo : RFA/Win Naung Toe

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ပန်းတောင်းတောင် အနီးက ကံကုန်းလို့ခေါ်တဲ့ ကွင်းပြင်မှာ ပြည်သူလူထုတွေကို ၁၀ မိနစ်ကျော်ကြာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ မြန်မာဝမ်ပေါင်ကုမ္မဏီက တာဝန်ရှိသူတွေနဲ့ ဒီကနေ့ညနေမှာ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဒီကနေ့ ဟောပြောတဲ့ မိန့်ခွန်းမှာတော့ ဝမ်ပေါင်ကုမ္မဏီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ မုံရွာဆေးရုံမှာကုခံနေရတဲ့ ဒဏ်ရာရ သံဃာတွေကို သွားရောက်ဖူးတွေ့ အားပေးခဲ့ပါတယ်။ သောကြာနေ့ မနက်မှာလည်း ချင်းတွင်းမြစ် ရဲ့ မုံရွာဘက်ခြမ်းက သဲသောင်ပြင်မှာ  မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားပါတယ်။

ဒါ့ပြင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အနီး ကျေးရွာ (၄) ရွာက ဒေသခံတွေ၊ သပိတ်စခန်းတွေဖြိုခွဲ ခံရတာကို ကိုယ်တိုင်တွေ့ကြုံခဲ့သူတွေ နဲ့ တွေ့ဆုံဖို့ အပြင်၊ သပိတ်စခန်းတွေဖြိုခွဲရေးနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ နဲ့လည်း တွေ့ဆုံဖို့တောင်းဆိုထားတယ်လို့ NLD လွှတ်တော်အမတ် ဦးအုန်းကြိုင်  က ပြောပါတယ်။

ဒီအတွင်း ဒေါ်အောင်ဆန်းစုကြည် ဟာ လာမယ့်နှစ် ဇန်နဝါရီလ (၃၀) ရက်နေ့မှာ တောင်ကိုးရီးယားနိုင်ငံကို သွားရောက်ဖွယ်ရှိပါတယ်။ ၂၀၀၄ခုနှစ်အတွက် တောင်ကိုရီးယားကအပ်နှင်းတဲ့ Gwangju လူ့အခွင့်အရေးဆု ကို လက်ခံဖို့ဖြစ်ပါတယ်။

အလားတူ သမ္မတ ဦးသိန်းစိန် ဟာလည်း သြစတေးလျ အစိုးရရဲ့ ဖိတ်ကြားချက် အရ လာမယ့် ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ သြစတေးလျနိုင်ငံ ကို နှစ်ရက်ကြာ သွားရောက်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။