ဥပဒေနဲ့ညီရင် အခြေခံ ဥပဒေပြင်ရေးကို မကန့်ကွက်ဘူး လို့ သမ္မတ ဦးသိန်းစိန် ပြော
2014.09.09

ဥပဒေနဲ့အညီသာ ဖြစ်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို သူတစ်ဦးထဲအနေနဲ့ ကန့်ကွက်စရာမရှိဘူးလို့ ဥရောပ (၃) နိုင်ငံခရီး အလည်အပတ်ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန် က ပြောလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာလို့ ဒီကနေ့ထုတ် ဆွစ်ဇာလန် သတင်းစာ NZZ မှာ ဖော်ပြ ထားပါတယ်။
ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး မဲခွဲဆုံးဖြစ်မယ်ဆိုရင် သူ့အနေနဲ့ ဘယ်လို မဲပေးဆုံးဖြတ်မလဲလို့ မေးမြန်းရာ မှာ ဦးသိန်းစိန် တစ်ဦးတယောက်၊ တစ်စုတစ်ဖွဲ့အရေးထက် နိုင်ငံ့အကျိုးစီးပွားကို စဉ်းစားရမှာဖြစ်ကြောင်း၊ ဒါ့အပြင် အများစုရဲ့သဘောထားကို လေးစားမှာဖြစ်ကြောင်း၊ ဒါမှ သူ့အနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်မှာ ဖြစ်ကြောင်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ အခြေခံအားဖြင့် ဘယ်သူတစ်ဦးတယောက်ကိုမှ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ခွင့်ကို မကန့်သတ်သင့်ကြောင်း၊ ဒါပေမဲ့ အခြေခံ ဥပဒေကို ပြင်မယ်ဆိုရင် လိုက်နာရမယ့် ဥပဒေစည်းမျဉ်းတွေ ရှင်းရှင်းလင်းလင်းရှိနေကြောင်း၊ ဥပဒေနဲ့အညီဖြစ်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို သူ့အနေနဲ့ ကန့်ကွက်စရာမရှိကြောင်း ဦးသိန်းစိန်က ပြောပါတယ်။
နှစ်ပေါင်း ၆ဝ နီးပါး ပဋိပက္ခဖြစ်ပြီးကြာမြင့်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြားနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့ကိစ္စဟာ သူဦးဆောင်တဲ့ အရပ်သား အစိုးရသက်တမ်း ၃ နှစ်အတွင်း အကြီးမားဆုံးအောင်မြင်မှု ဖြစ်တယ်လို့လည်း ဦးသိန်းစိန်က ပြောပါတယ်။ မြန်မာနိုင်ငံက အသွင်ကူးပြောင်းမှုဟာ တခြားနိုင်ငံတွေနဲ့စာရင် အေးချမ်းတည်ငြိမ်ပြီး ဒီကာလမှာ စိတ်ရှည်သည်းခံဖို့ လိုအပ်ကြောင်းလည်း ဖြေကြားခဲ့ တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။