ဝန်ကြီး ဦးသာအေး ကို ဆန္ဒပြကြ


2014.06.24
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဒေသခံ ကျေးရွာလူထု တောင်းဆိုဆန္ဒပြနေကြစဉ်။
RFA

တရုတ်ဝမ်ပေါင်နဲ့ စစ်တပ်ရဲ့ဦးပိုင်ကုမ္ပဏီတို့ဆောင် ရွက်နေတဲ့ကြေးနီစီမံကိန်းကြောင့် လက်ပံတောင်း တောင် ဒေသခံတွေစားဝတ်နေရေး တစထက်တစခက်ခဲလာတဲ့အတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး ကို ဒေသခံတွေက ဆန္ဒပြ ခဲ့ကြပါတယ်။

အဲဒီဒေသမှာ စာသင်ကျောင်းဖွင့်ပွဲတက်ဖို့ မနေ့က လာရောက်ချိန်မှာ ဆန္ဒပြကြတာ ဖြစ်တယ်လို့ လက်ပံတောင်း ဒေသခံဆရာတော် ဦးစန္ဒာသီရိက မိန့်ပါတယ်။

"ဒေသက ဖွံ့ဖြိုးရေးတွေ ဘာတွေ နိုင်ငံတော်ကနေ လုပ်ပေးပေမဲ့ ဒီအခု လက်ပံတောင်း ကြေးနီစီမံကိန်းကြောင့် ဆင်းရဲဒုက္ခရောက်နေတဲ့ ဒီလယ်သမားတောင်သူတွေရဲ့ အရေးကိုလည်း ဖြေရှင်းပေး ဖို့ပေါ့နော်၊ ဒေသခံတွေကနေပြီးတော့ မိမိတို့ရဲ့ ဆန္ဒတွေကို ဆိုင်းဘုတ်ကိုင်ဆောင်ပြီးတော့ ဝန်ကြီးလာမယ့်လမ်းကနေ တင်ပြတာပေါ့"

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ ခရီးစဉ်မှာလိုက်ပါလာတဲ့ စစ်ကိုင်းတိုင်း နယ်စပ်ဒေသ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်ကိုလဲ ဆည်တည်းရွာသူ ဒေါ်ရည်ဝင်းက စီမံကိန်းကြောင့် လယ်တွေလုပ်ခွင့် မရတော့တဲ့အတွက် သားဖြစ်သူကို ကျောင်းမထားနိုင်တော့တဲ့အကြောင်းနဲ့ စားဝတ်နေရေး ကြပ်တည်းနေပြီ ဆိုတဲ့အကြောင်းလိုက်ကြည့်ဖို့ လက်ဆွဲခေါ်ယူခဲ့တယ်လို့လဲ ဆရာတော် ဦးစန္ဒာသီရိက မိန့်ပါတယ်။

"စစ်ကိုင်းတိုင်းဝန်ကြီးတစ်ယောက်က သူကဦးစီးပြီးတော့ပေါ့ တောင်သူလယ်သမားတွေရဲ့ ခြံစည်းရိုးတွေကို ခတ်တယ်လို့ ဒါဒေသခံတွေ သိရတဲ့အတွက်ကြောင့် ဝန်ကြီးအနေနဲ့ လယ်သမားတွေရဲ့ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို လိုက်ကြည့်လှည့်ပါဦး ဆိုပြီးတော့ ဆွဲခေါ်တယ်"

အဲဒီနောက် ရွာသားတွေရဲ့ဆန္ဒပြပွဲကို ငြိမ်းချမ်းစွာ ရုပ်သိမ်းလိုက်တယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။