စာပေနှင့် ကဗျာဆရာမကြီး ဒေါ်ကြည်အေး အသက် ၈၁ နှစ် ပြည့်ပြီ
2010.12.13

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ နေထိုင်နေတဲ့ ဆရာမ ဒေါ်ကြည်အေးက သူ့စာဖတ်ပရိသတ်နဲ့ လူငယ်တွေကို အဲဒီလို အမှာစကား ပါးလိုက်တာပါ။
“အသစ်ဆိုတာ ဗြုံးကနဲ ထပြီး ဖြစ်လာတာ မဟုတ်ဖူး။ ဟိုးရှေးရှေးကနေ တဖြည်းဖြည်း တက်လာပြီးတော့ ခုခေတ်ကို ရောက်လာတာ။ စာဖတ်တာလည်း အဲဒီလိုပဲ ဟိုးရှေးရှေးကနေ စာကို ဖတ်ပြီးတော့ အခုခေတ်ကို ရောက်လာရမယ်။ အချိန်အများကြီး ပေးရမယ်၊ အများကြီး ဖတ်ရမယ်၊ အများကြီး လေ့လာရမယ်။ အချိန်ဟာ သိပ် အဖိုးတန်တယ်။ အဲဒီတော့ စာဖတ်ရမယ်၊ လေ့လာရမယ်။ နောက်ပြီးတော့ နှိမ်ချတဲ့စိတ် ရှိရမယ်။ Humble ကိုယ်က တပည့်ခံရတာ ဘာမှ ကြောက်စရာမရှိဘူး။”
၁၉၄၇ ခုနှစ်မှာ ထုတ်ဝေတဲ့ တာရာမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၄ မှာ အဲဒီတုန်းက အသက် ၁၈ နှစ်ရွယ် ဒေါ်ကြည်အေးရဲ့ ‘ထိုည’ ဝတ္ထုတို ပထမဆုံး ပုံနှိပ်ဖော်ပြခဲ့ပါတယ်၊ သူ့စာ သူ့ ကဗျာတွေဟာ အတွေး အရေး ဆန်းသစ်ပြီး ရေးဟန်ကလည်း ရဲ၊ တီလည်း တီထွင်တဲ့အတွက် ဖြစ်တည်မှုပဓာနဝါဒ ဆန်တဲ့ စာရေးဆရာ အဖြစ် ကျော်ကြားခဲ့ပါတယ်။
ဆရာမကြီးရဲ့ ကဗျာတွေထဲ ၁၉၄၉ ခုနှစ်ထုတ် တာရာမဂ္ဂဇင်းအတွဲ ၃ အမှတ် ၂၀ ပါ တစ္ဆေကဗျာကို ခုထိ လူကြိုက်များပြီး နွမ်းလျအိမ်ပြန်၊ မောင် ကိုကိုနှင့် မြနန္ဒာ၊ မေတ္တာမီးအိမ်၊ အပြင်ကလူနဲ့ ကြည်အေး၏ ကဗျာများ စာအုပ်တွေဟာ ထင်ရှားပါတယ်။
ဒေါ်ကြည်အေးဟာ မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ၁၉၇၂ ခုနှစ်က ရောက်ရှိခဲ့ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေမှာ ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့ပြီး လန်ဒန်မှာ ကလေး စိတ်ရောဂါအထူးကု ဆရာဝန်အဖြစ် လုပ်ကိုင်ရာက အငြိမ်းစားယူခဲ့ပါတယ်။
ခုတော့ ဆရာမကြီးဟာ သမီးတွေနဲ့ နယူးယောက်မှာ ကျန်းကျန်းမာမာနဲ့ နေထိုင်နေပါတယ်။
ဆရာမကြီးဟာ စာတွေဖတ် ပန်းချီတွေ ဆွဲနေတုန်းပါ။
မြန်မာစာပေသမိုင်းမှာ ချန်လှပ်ထားလို့ မရတဲ့ ဆရာမကြီး ဒေါ်ကြည်အေးကို RFA မှ ဒေါ်စမ်းစမ်းတင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဒေါ်ကြည်အေးနှင့် ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |