အင်းလေးဒေသက ရေဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အကူအညီလိုနေဆဲ

RFA Burmese
2024.09.23
အင်းလေးဒေသက ရေဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အကူအညီလိုနေဆဲ ရှမ်းပြည်နယ် အင်းလေးဒေသမှ ရေကြီး မြေပြိုမှုကြောင့် အပျက်အစီးများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Facebook/ Mya Aye Photo

နှစ်ပေါင်း သုံးဆယ်အတွင်း အဆိုးရွားဆုံး ရေကြီးနစ်မြုပ်မှုဖြစ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသက ရေဘေးဒုက္ခသည်တွေဟာ အကူအညီ လိုအပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက RFA ကို ပြောပါတယ်။

စက်တင်ဘာလ ၂၂ ရက်စလို့ အင်းလေးဒေသမှာ ရေအနည်းငယ်ပြန်ကျသွားပေမဲ့ တစ်ထပ်အိမ်တွေတော့ ရေနစ်မြုပ်ဆဲပဲလို့ ဆိုပါတယ်။

ဒီအပြင် အင်းလေးဒေသမှာ စစ်ဘေးကြောင့် နေရပ်စွန့်ခွာလာသူတွေလည်းရှိပြီး သူတို့အတွက်လည်း အကူအညီတွေ လိုအပ်တယ်လို့ အင်းလေးဒေသမှာ ကူညီကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက RFA ကို ပြောပါတယ်။

“အင်းလေးမှာ ရေပြန်ကျပြီး ပုံမှန်အတိုင်းဖြစ်ဖို့ဆိုရင် အနည်းဆုံး သုံးလလောက်ကြာနိုင်တယ်။ ဒီမှာက စစ်ရှောင်တွေလည်းရှိတယ်။ သူတို့က ရွာနဲ့ ရပ်ကွက်တွေထဲနေပြီး ရေကြီးလာတော့ ထပ်ရှောင်ကြရတယ်။ သူတို့တွေအတွက်လည်း တချို့နေရာတွေမှာ စာရင်းမပါလို့ အကူအညီမရကြဘူး။ အင်းလေး ဒေသခံတွေလည်း တချို့နေရာတွေမှာ အကူအညီက နည်းနေသေးတယ်”

စက်တင်ဘာလ ၁၁ ရက်နေ့ကစလို့ အင်းလေးဒေသမှာ ရေကြီးနစ်မြုပ်တွေဖြစ်ပြီး ရွာပေါင်း ၁၇၃ ရွာက ဒေသခံ နှစ်သောင်းကျော် ရေဘေးဒုက္ခကြုံနေရတာပါ။ ရေကြီးမှုကြောင့် အင်းလေးဒေသက နေအိမ် နှစ်ထောင်ခန့် ရေနစ်မြုပ်ပျက်စီးသွားတာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကူညီကယ်ဆယ်ရေးတွေက စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးတာရှိပေမဲ့ နေအိမ်ပြန်ဆောက်ဖို့အတွက် အကူအညီမရကြသေးဘူးလို့ ဆိုပါတယ်။

ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့တဲ့ အင်းလေးဒေသမှာ သေဆုံးသူ ကိုးဦးထက်မနည်းရှိခဲ့တယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကတော့ ရှမ်းပြည်နယ်ထဲက ရေဘေးသင့်သူတွေကို ကူညီထောက်ပံ့ရေးတွေလုပ်ပေးမယ်လို့ RFA ကို စက်တင်ဘာလ ၁၆ ရက်နေ့က ပြောထားပါတယ်။

ရေကြီး မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၈၄ ဦးနဲ့ ပျောက်ဆုံးနေသူ ၈၉ ဦးရှိပြီး လူတစ်သိန်းခွဲနီးပါး (၁၄၈,၆၄၃) ရေဘေးဒဏ်ခံနေရတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၂၁ ရက်နေ့ မှာပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။