တန်ဖိုးနည်းအိမ်ရာ နှစ်ခု ဆောက်လုပ်ဖို့ တိုင်းအစိုးရ စီစဉ်


2017.12.25
yangon-land-622.jpg ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြေယာတချို့ကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်က လယ်မြေဧက ၂ဝဝ ကျော်မှာ တန်ဖိုးနည်းအိမ်ရာ နှစ်ခု ဆောက်လုပ် ဖို့ စီစဉ်နေတယ်လို့ တွံတေးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦး က ဒီကနေ့ ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် လယ်သမားတွေနဲ့ တွေ့ဆုံပြီး အသိပေးခဲ့ပြီးဖြစ်တယ် လို့ ဒေါက်တာကျော်ဇင်ဦး က ပြောပါတယ်။

"ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဖြိုးမင်းသိန်း ကိုယ်တိုင်လေ၊ အဲဒီကျူးကျော်တွေ အတွက်ရော၊ နောက်ပြီးတော့ အငြိမ်းစားဝန်ထမ်းတွေအတွက်ကို ရည်ရွယ်တဲ့ တန်ဖိုးနည်းအိမ်ရာဆောက်မယ် ဆိုတဲ့ဟာမျိုးပေါ့၊ တွံတေးကို လာသွားတယ်ပေါ့၊ လာပြီးတော့ လယ်သမားတွေနဲ့ ဆွေးနွေးသွားတယ်ပေါ့"

အဲဒီအိမ်ရာတွေကို တွံတေးမြို့နယ်၊ ပဒန်ရေကျော်ကျေးရွာက တောင်သူ ၅၀ ကျော်လောက် ပိုင်ဆိုင်တဲ့ လယ်မြေ ၂၆၂ ဧကမှာ အကောင် အထည်ဖော်ဆောက်လုပ်မှာဖြစ်ပါတယ်။

တောင်သူတွေ တစ်ယောက်ချင်းစီအလိုက် စွန့်လွှတ်လိုက်ရတဲ့ လယ်မြေတွေရဲ့ ၂၀ ရာခိုင်နှုန်းကို ပြန်ပေးသွားမှာ ဖြစ်ပြီး ပြန်ပေးတဲ့မြေနေရာမှာ အခြားနည်းနဲ့ သုံးစွဲခွင့်ပါ ရရှိကြမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြန်ပေးမယ့်မြေတွေကို လမ်းမဘေးနေရာတွေမှာ အများဆုံးပြန်ချပေးဖို့ စီစဉ်နေပေမယ့် လယ်သမားအရေအတွက် များတဲ့အတွက် ညှိနှိုင်းယူရမှာဖြစ်တယ် လို့ ဒေါက်တာကျော်ဇင်ဦး က ပြောပါတယ်။

တိုင်းအစိုးရအဖွဲ့က အိမ်ရာ ၂ ခုအတွက် ကုမ္ပဏီတစ်ခုနဲ့ အရင်ဆုံး စမ်းသပ်ဆောက်လုပ်မှာဖြစ်ပြီး အဆင်ပြေရင် ရေရှည်လက်တွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ တွံတေးမြို့နယ်က မြေဧက ၂၇၀၀ လောက်မှာ အလားတူ အိမ်ရာတွေ အကောင်အထည်ဖော်ဖို့ စီစဉ်နေတာလည်း ရှိပါတယ်။

ဒါ့အပြင် တွံတေးမြို့နယ်အတွင်းက အစိုးရပိုင် အရင် စက်မှု ၁ ဝန်ကြီးဌာနရဲ့ မြေနေရာ ဧက ၈၀၀ လောက်မှာ စက်မှုဇုန် အကောင်အထည်ဖော်သွားဖို့ရှိတယ် လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။