အနိမ့်ဆုံးလုပ်ခလစာကို သတ်မှတ် ဖို့ စစ်တမ်းကောက်ယူမည်
2014.10.11

အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ဖို့အတွက် ပြည်နယ် နဲ့တိုင်း ၁၄ခုရှိ မြို့နယ်ပေါင်း ၁၀၈ ခုက လူနေမှု စရိတ်တွေကို လာမယ့် နိုဝင်ဘာလမှာ စစ်တမ်းကောက် ယူသွားဖို့ ဒီနေ့နေပြည်တော်၊ အလုပ်သမားဝန်ကြီးဌာန ရုံးမှာ ဝန်ကြီးတွေနဲ့ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စား လှယ်တွေပူးပေါင်းပြုလုပ်တဲ့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားကော်မတီအစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီ စစ်တမ်းမှာ မြို့နယ်အသီးသီးက ကုန်ဈေးနှုန်း၊ ခရီး စရိတ်တွေနဲ့ အိမ်ထောင်စုတွေရဲ့ ကုန်ကျစရိတ်တွေကို ထည့်သွင်းဖေါ်ပြမှာ ဖြစ်တယ်လို့ မနေ့က အစည်းအဝေး မှာ ပါဝင်ဆွေးနွေးတဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် အတွင်းရေးမှူး ကိုနော်အောင်က ပြောပါတယ်။
"အနိမ့်ဆုံး လုပ်ခလစာ ထွက်လာဖို့က လူနေမှု စရိတ်ပေ့ါ အခြေခံကုန်ကျစရိတ်ထွက်ဖို့ လိုအပ်တယ်၊ အခြေခံကုန်ကျစရိတ်ဟာ မြို့အသီးသီးကဈေးတွေကနေပြီးတော့မှ ကုန်ဈေးနှုန်း သွားလာစရိတ် အဲ့ဒါတွေလဲ ကားဂိတ်ကနေကောက် ရမှာပေါ့ဗျာ၊ ပြီးတော့ ကျန်းမာရေးစရိတ်တို့ ကျောင်းသားအရွယ် ကျောင်းစရိတ်တို့ အဲ့ဒါတွေကလည်း သူနဲ့သက်ဆိုင်တဲ့ အသီးသီးနေရာကနေ ကောက်ပြီးတော့မှ လူတစ်ယောက်ဟာ ဘယ်လိုနေထိုင်သင့် တယ်ဆိုတာမျိုးကို စံနမူနာကောက်ရမှာပေါ့"
အဲဒီစစ်တမ်းကို အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဝန်ကြီးဌာနက တာဝန်ရှိသူတွေအပြင် ဒေသအလိုက် အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းက တာဝန်ရှိသူတွေ ပူးပေါင်းကောက်ယူကြမှာဖြစ်ပါတယ်။
အဲဒီနောက် စစ်တမ်းကရရှိလာတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး အနိမ့်ဆုံးလုပ်ခလစာကို သတ်မှတ်ဖို့ ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်း အစည်းအဝေးမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် အတွင်းရေးမှူး ကိုနော်အောင် ကို RFA သတင်းထောက် မရတနာဦးက ဆက်သွယ်မေးမြန်းထားပါတယ်။