အက်ဆစ်စက်ရုံကို တိုင်းလွှတ်တော် ရေးရာကော်မတီ စစ်ဆေး
2016.08.13

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် မိုးကြိုးဆာလဖျူလ်ရစ် အက်ဆစ်စက်ရုံဟာ စွန့်ပစ်အညစ် အကြေးတွေကို စနစ်တကျ စွန့်ထုတ်နေတာကို တွေ့ရှိရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်တွေက ပြောပါတယ်။
ကော်မတီအဖွဲ့ဝင် ၁၁ ဦးက မနေ့က စက်ရုံကိုသွားရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဆားလင်းကြီးမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်က ပြောပါတယ်။
"အခုလောလောဆယ်တော့ စက်ရုံလည်ပတ်နေတဲ့အချိန်ကာလမှာ အခိုးထွက်တာတွေ၊ ဘာတွေက သိပ်တော့မဆိုးတော့ဘူး၊ ခါတိုင်းဖြစ်နေကျစက်ရုံအခေါင်းတိုင်က ထွက်တဲ့ ကိစ္စပေါ့နော်၊ သေချာကျနော်တို့လေ့လာကြည့်တော့ အားလုံးစနစ်တကျဆောင်ရွက်ထားတယ်ဆိုတာ သိရတယ်"
မိုးကြိုးဆာလဖျူလ်ရစ်စက်ရုံက အနံ့အသက်ဆိုးတွေထွက်နေတာကြောင့် စက်ရုံအနီးမှာရှိတဲ့ ကံကုန်း၊ ထနောင်းကုန်းနဲ့ အေးကုန်းကျေးရွာကဒေသခံတွေက စက်ရုံကို ပိတ်သိမ်းပေးဖို့ အစိုးရထံ တောင်းဆို ထားတာဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဟာ စက်ရုံအတွင်းလေ့လာတွေ့ရှိချက်တွေကို တိုင်းလွှတ်တော် ဥက္ကဌထံ လာမယ့် စက်တင်ဘာလ ၅ ရက်နေ့မှာ အစီရင်ခံစာတင်သွင်းသွားမယ်လို့ ပြောပါတယ်။
အက်ဆစ်စက်ရုံဟာ စက်ပစ္စည်းတွေကို တစ်နှစ်တစ်ကြိမ် အကြီးစားပြင်ဆင်မှုတွေ ဆောင်ရွက်တာကြောင့် စက်ရုံကို တစ်နှစ်တစ်ကြိမ်ရပ်နားထားလေ့ရှိပြီး ပြန်လည်စတင် လည်ပတ်တဲ့အခါ ၃ရက်ကြာ အနံ့ဆိုးတွေ ထွက်လေ့ရှိတယ်လို့လည်း ပြောပါတယ်။
မိုးကြိုးဆာလဖျူလ်ရစ် အက်ဆစ်စက်ရုံဟာ ဦးပိုင်ကုမ္ပဏီက အကောင်အထည်ဖော်နေတာဖြစ် ပြီး ပြည်ထောင်စုအစိုးရက လာမယ့် အောက်တိုဘာလအထိ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးထားတာ ဖြစ်ပါတယ်။
စက်ရုံကို သွားရောက်စစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့ စစ်ကိုင်းဒေသကြီးလွှတ်တော်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီက အတွင်းရေးမှူး ဦးစောမောင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။