စီမံကိန်းဒေသရှိ ဘုန်းကြီးကျောင်း ဖယ်ရှားဖို့စီစဉ်
2016.07.22

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာ ဖော်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ အကျုံးဝင်တဲ့ ဇီးတောရွာက မြေ ၃ ဧကနီးပါးကျယ်ဝန်းတဲ့ စန်းမြဝတီ ဘုန်းတော်ကြီးကျောင်းနဲ့ သာသနိကအဆောက်အအုံတွေ ဖျက်ဆီးမှာကို ရွာသားတွေကလက်မခံဘဲ မနေ့ကစ အလှည့်ကျ ကင်းစောင့်နေကြပါတယ်။
ကျောင်းထိုင်ဆရာတော် ဦးအာလောကကို ဖိအားပေးလို့ ဒီလ ၁၇ ရက်မှာ ရွာသစ်ကို ရွှေ့ပြောင်းသွားရပြီး တဲ့နောက် ကျောင်းကိုဖျက်ဖို့ ရောက်လာကြတာလို့ တုံရွာက မစန္ဒာကပြောပြပါတယ်။
"ဆရာတော် ဦးအာလောကကို သူ့ရဲ့ဆရာ မုံရွာမြို့က ဦးအာစာရကနေပြီးတော့ ကျောင်းအဟောင်း မှာ နေခွင့်မပြုပဲနဲ့ ဝမ်ပေါင်ကုမ္ပဏီကတည်ဆောက်ထားတဲ့ ကျောင်းအသစ်ကိုအတင်းအဓမ္မ နေခိုင်းတယ်၊ ကျန်ရစ်ခဲ့တဲ့ စေတီရယ်၊ သိမ်ရယ်၊ ကျောင်းရယ်၊ သာသနိကအဆောက်အအုံတွေကို မနေ့တုန်းက လာပြီးတော့ ဖျက်ဆီးမယ်လို့ ကျောင်းကိုရောက်လာတယ်၊ယောရွာရယ်၊ ဆည်တည်းရွာရယ်၊ ကျောက်ဖြူ ဆိုင်ရွာရယ်တွေက တုံအုပ်စုလူတွေကပေါ့နော် လုံးဝအဖျက်မခံဘူးဆိုပြီးတော့ တားမြစ်ကြပါတယ်၊ ဆားလင်းကြီးမြို့နယ် သာသနာရေးဝန်ကြီးဌာနကနေပြီးတော့ ခိုင်းစေချက်အရလို့တော့ပြောထာပဲ ဒါပေမဲ့ အမိန့်စာတွေကတော့ မပါဘူး၊ ကျမတို့ တုံအုပ်စုဘက်ကလည်း လက်မခံဘူးရှင့်၊ အလှည့်ကျနဲ့စောင့်ကြ တာပေါ့ ကင်းစောင့်တာ၊ မနေ့ကစပြီးစောင့်တာ တနေကုန် အလှည့်ကျနဲ့စောင့်နေကြတာ"
မုံရွာမြို့ သာဇံကျောင်းထိုင်ဆရာ ဦးအာစာရက စန်းမြဝတီကျောင်းတိုက်ကို လွှဲပေးထားတာမို့ ဆရာ့စကား မလွန်ဆန်သင့်ဘဲ သံဃာထုကြား ရဟန်းမိုက်အဖြစ်မခံနိုင်တဲ့အတွက် ကျောင်းကနေ ပြောင်းရွှေ့ပေးလိုက်ရ တာလို့ ဆရာတော်ဦးအာလောက က မိန့်ပါတယ်။ မုံရွာဆရာတော့် နောက်ကွယ်မှာ ဘာအကြောင်းတွေ ရှိသလဲဆိုတာ မသိရဘဲ ဒီကျောင်းမှာ ဘယ်သူမှ သီတင်းမသုံးရဘူးလို့ မိန့်ထားပြီး ခုရွာသားတွေ အလှည့်ကျစောင့်နေပေမယ့် အင်အားသုံးဖယ်ရှားမယ်ဆိုရင် မလိုလားအပ်တဲ့ ပဋိပက္ခတွေပေါ်ပေါက်နိုင်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
"တကယ်လို့ အင်အားသုံးပြီးတော့ဖျက်မယ်ဆိုရင် မလိုအပ်တဲ့ပဋိပက္ခတွေဖြစ်လာနိုင်တယ်ပေါ့ဗျာ၊ အဲ့ဒီလိုဖြစ်လာတယ်ဆိုရင် နှစ်ဦးနှစ်ဘက်လည်း မကောင်းကြတော့ဘူး၊ ကျေးရွာက ဒကာ ဒကာမတွေလည်း ထိခိုက်နစ်နာတာတွေဖြစ်မယ်၊ လာပြီးတော့လုပ်တဲ့ပုဂ္ဂိုလ်တွေလည်းပဲ ထိခိုက်မှုတွေဖြစ်လာနိုင်တယ်ပေါ့ဗျာ၊ အဲ့ဒီအတွက်ကြောင့်မို့လို့ မုံရွာဆရာတော်ကို ရပ်ရွာဒကာ ဒကာမတွေရော ဦးဇင်းတို့ရော ဆရာတော်ကို အကြိမ်ကြိမ် ရပ်ပေးဖို့ လျှောက်ထားသော် လျှောက် ထားငြားသော်လည်းပဲ ဘုန်းကြီးရွှေ့ထားတဲ့အတွက်ကြောင့်မို့လို့ ဒီကျောင်းကိုလည်းပဲ သူကတော့ ဖျက်မယ်ဆိုတာချည်းပဲဖြစ်နေတယ်"
ဦးအာလောကသတင်းသုံးတဲ့ စန်းမြဝတီကျောင်းတိုက်ကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင် ၁ဝဝ လောက်က ၂ဝ၁၃ ခု သြဂုတ်လမှာ ဝင်ရောက် စီးနင်း ပစ်ခတ်ဖူးပါတယ်