ကြေးနီယာဉ် ၄စီးကို တားဆီးပြီး ဒေသခံတွေ သပိတ်စခန်းဖွင့်


2017.10.10
lpt-camp-622.jpg မိုးကြိုးပြင်အလယ်ရွာထိပ်က လက်ပံတောင်းတောင်ရွာသားတွေရဲ့ သပိတ်စခန်းကို အောက်တိုဘာလ ၁ဝ ရက်နေ့ကတွေ့ရစဉ်
Photo: Min Nay Htoo's Facebook

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်အလယ်ရွာထိပ်မှာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းက ကြေးနီသယ်တဲ့ယာဉ် ၄ စီးကို ဒေသခံတွေက မနေ့ညက တားဆီးလိုက်ပြီး အဲဒီနေရာမှာ သပိတ်စခန်းဖွင့်ထားတယ်လို့ သိရပါတယ်။

ခရီးသွားကားတွေကိုတော့ ခွင့်ပြုပေးထားပြီး စီမံကိန်းနဲ့ ပတ်သက်တဲ့ကားတွေကို လုံးဝခွင့်မပြုဘဲ တောင်းဆို ချက်မရမချင်း သပိတ်စခန်းဖွင့်သွားမယ်လို့ ဒေသခံ ဒေါ်စန်းနွဲ့ က ပြောပါတယ်။

"ဘာပဲဖြစ်ဖြစ် ဒေသခံတွေက မထူးတော့ဘူးလေ၊ မထူးဇာတ်ခင်းပြီးတော့ ကိုယ့်ရဲ့တောင်းဆိုချက်ကို မရမချင်း သပိတ်စခန်းတွေကို ဖွင့်သွားမယ်၊ ဒီကြေးကားတွေကိုလည်း ပြန်လွှတ်ဖို့အစီအစဉ်မရှိဘူး၊ သူတို့ဘက်က ပြေလည်အောင် ညှိနှိုင်းမယ်ဆိုရင်တော့ ဒေသခံတွေဘက်က ညှိနှိုင်းဖို့ အဆင်သင့်ပါပဲ၊ ကားမှန်သမျှကို အကုန်တားတယ်၊ ခရီးသည်ကားတွေကိုတော့ လမ်းဖွင့်ပေးထားပါတယ်၊ သူတို့စီမံကိန်း နဲ့ ပတ်သက်တဲ့ကားမှန်သမျှတော့ အကုန်တားတယ်၊ ဘယ်ကားမှခွင့်မပြုဘူး။"

ဒီကနေ့ မနက်ပိုင်းမှာ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ ဆားလင်းကြီးမြို့နယ် တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်နဲ့ မြို့နယ်ထွေအုပ် တာဝန်ရှိသူတွေ လာရောက်ညှိနှိုင်းပေ မယ့် ဒေသခံတွေက ဝမ်ပေါင်ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့သာ တွေ့ဆုံညှိနှိုင်းလိုတယ်လို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေက သီးနှံနစ်နာကြေးတောင်းတာကို အစီရင်ခံစာထဲမှာ မပါလို့ မပေးနိုင်ကြောင်း ဦးပိုင်ကုမ္ပဏီ တာဝန်ရှိသူက ငြင်းဆိုထားတယ်လို့ ဒေါ်စန်းနွဲ့က ပြောပါတယ်။ ဒေသခံတွေဟာ အစီရင်ခံစာမှာ ပါတဲ့ အစားထိုးမြေဧက ၁၉၀၀ ကို ပေးဖို့လည်း တောင်းဆိုနေတာ ဖြစ်ပါတယ်။

အဲဒီ အစားထိုးမြေကိစ္စကိုလည်း ဖော်ဆောင်ပေးဖို့ အစီအစဉ်မရှိကြောင်း ဦးပိုင်ကုမ္ပဏီ တာဝန်ရှိသူ က အောက်တိုဘာလ ၅ ရက်နေ့က သတင်းမီဒီယာတစ်ခုမှာ ပြောဆိုခဲ့တာကြောင့် အခုလို သပိတ်စခန်း ဖွင့် တောင်းဆိုရတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဒေသခံတွေ အယောက် ၁၀၀ စီအလှည့်ကျနဲ့ သပိတ်စခန်းမှာ ဆန္ဒပြနေတာ ဖြစ်ပါတယ်။

အဲဒီသပိတ်စခန်းအနီးမှာ ရဲတပ်ဖွဲ့ဝင် ၅၀ လောက်က လုံခြုံရေးတာဝန်ယူထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။