လက်ပံတောင်းဒေသခံတွေ ဝမ်ပေါင်ကုမ္ပဏီကို ဆန္ဒပြ


2017.08.23
wanbo-protest-622.jpg စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ဝမ်ပေါင်ကုမ္ပဏီကို သြဂုတ်လ ၂၃ ရက်နေ့က ဒေသခံတွေ ဆန္ဒပြနေစဉ်
Photo: Soe Lwinoo (Facebook)

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို အကောင်အထည်ဖော်နေ တဲ့ ဝမ်ပေါင်ကုမ္ပဏီဟာ လက်ပံတောင်းတောင်အစီရင်ခံစာအတိုင်း ဒေသခံတွေနဲ့ ညှိနှိုင်းဆောင်ရွက်ခြင်းမရှိလို့ ဆိုပြီး ဒေသခံ ၁၀၀ လောက်က ဒီကနေ့ ဆန္ဒပြကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဌအဖြစ် တာဝန်ယူပြီး ထုတ်ပြန်ခဲ့တဲ့ လက်ပံတောင်းတောင် အစီရင်ခံစာ အတိုင်း ဒေသခံတွေကို လုပ်ပေးတာမရှိတဲ့အတွက် အခုလို ကန့်ကွက်တာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဆည်တည်းကျေးရွာက မရီဝင်းက ပြောပါတယ်။

"၂၀၁၃ တုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကော်မရှင်အစီရင်ခံစာမှာလည်း သူကိုယ်တိုင်လည်း ဥက္ကဌအဖြစ်ပါဝင်ထားတယ်။ သူထုတ်ထားတဲ့ အချက်လက်တွေကိုလည်း တစ်ခုမှ လိုက်နာဆောင်ရွက် ခြင်းမရှိတဲ့၊ အစီရင်ခံစာထဲက အချက်လက်တွေမပါဘဲနဲ့ မတရားကြီး သူတို့အလုပ်ကိုပဲ တွန်းလုပ်နေတာ။ ဒေသခံတွေကို ပြေလည်အောင် ဆောင်ရွက်ပေးခြင်းမရှိလို့မို့လို့ ဒီစီမံကိန်းကြီးကို လုံးဝကို ကန့်ကွက်နေ ပါတယ်ရှင့်။ "

တုံရွာ၊ ဆည်တည်း၊ မိုးကြိုးပြင်တောင်၊ မိုးကြိုးပြင်အလယ်၊ မိုးကြိုးပြင်မြောက်၊ တုံရွာသစ်၊ တုံအလယ်ရွာ၊ တုံအလယ်တော၊ တုံရွာမ စတဲ့ကျေးရွာဒေသခံတွေက ဝမ်ပေါင်ကုမ္ပဏီရှေ့ကို ဆန္ဒပြဖို့ သွားခဲ့ပေမယ့် မုံရွာ-ပုသိမ်လမ်းဆုံမှာ ရဲတပ်ဖွဲ့တွေ တားထားတာကြောင့် လမ်းမပေါ်ကပဲ ဆန္ဒပြခဲ့ကြတယ်လို့ ပြောပါတယ်။

အစီရင်ခံစာပါ အစားထိုးမြေဧက ၁၉၀၀ ဖော်ထုတ်ပေးဖို့၊ မြေသိမ်းလျော်ကြေးမယူတဲ့ မြေယာတွေအတွက် သီးနှံလျော်ကြေးရရှိဖို့ တောင်းဆိုဆန္ဒပြသူတွေက တောင်းဆိုပါတယ်။

လူသတ်မြေသိမ်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ အစီရင်ခံစာကို မလိုက်နာတဲ့ ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့စီမံကိန်း ဖျက်သိမ်းရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။