လက်ပံတောင်းမှာ ဝမ်ပေါင်ကုမ္ပဏီ မြေတူးစက်တွေနဲ့ ဝင်ရောက်တူးဖော်


2015.01.07
lpt-wan-paung-305.jpg လက်ပံတောင်းတောင် ဆည်တည်းရွာမှာ ခြံစည်းရိုးလိုက် ခတ်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေကို ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ခြံစည်း ရိုးခတ်ရာမှာ ပါဝင်ခဲ့တဲ့ ဆည်တည်းရွာက လယ်ယာမြေတွေကို ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက မြေတူးစက်တွေနဲ့ ဒီနေ့ ဝင်ရောက်တူးဖော်ကြတယ်လို့ သိရပါတယ်။

အဲဒီမြေနေရာတွေအတွက် တောင်သူတွေ က လျော်ကြေးငွေလက်ခံထားခြင်း မရှိသေးတာကြောင့် လုပ်ငန်းကို ရပ်ဆိုင်းထားပေးဖို့ ဒေသခံတောင်သူတွေ က သွားရောက်ပြောကြားပေမဲ့ ဆက်လက်တူးဖော်နေ ဆဲဖြစ်တယ်လို့ ဆည်တည်းရွာသူ မရီရီဝင်းက ပြော ပါတယ်။

"လျော်ကြေးမယူတဲ့ ယာခင်းတွေထဲကို ဘူဒိုဇာတွေနဲ့ ထိုးပစ်တယ်၊ ဘတ်ဟိုးတွေနဲ့ထုတ်တယ်၊ ထုတ်ပြီးတော့ အဲ့မြေတွေမှာကျတော့ ၂၃ ရက်နေ့တုန်းကထုတ်လုပ်တဲ့ ကြေးနီတွေတူးထားတဲ့ ဘောင်တွေပေါ် ကို မြေစာတွေပြန်ပြီးတော့ဖို့နေတာ၊ ဒေသခံတွေကသွားပြီးတော့ တောင်သူတွေနဲ့ မပြေလည်မချင်းကို မြေတွေ ကို ဒီလိုမဖျက်ဆီးပါနဲ့ဦး၊ တကယ်လုပ်မယ်ဆိုရင် တောင်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းဖြေရှင်းပါလို့ သွားပြီးတောင်းဆို တယ်၊ တောင်းဆိုတဲ့အခါကျတော့ ဘတ်ဟိုးနဲ့ မြေစာကား မောင်းတဲ့သူတွေကတော့ ကြောက်လို့ဆိုပြီး ရပ်နေ ပါတယ်၊ ရဲတွေနဲ့ တရုတ်တွေက ဆက်လုပ်ဆိုပြီးခိုင်းတယ်၊ ရဲတွေက သံချပ်ကာတွေနဲ့ လာပြီးတော့ လူထုတွေ ဘက်ကို လာပြီးတော့ရပ်တယ်"

ကုမ္ပဏီဘက်က မြေတူးစက်တွေနဲ့ ဝင်ရောက်တူးဖော်နေတာကြောင့် ဒေသခံတောင်သူတွေက အဲဒီနေရာမှာ ဆန္ဒပြခဲ့ကြရာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက တားမြစ်ခဲ့တယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ခြံစည်းရိုးခတ်ခံထားရတဲ့ လယ်ယာမြေတွေထဲမှာ ဆည်တည်းရွာက လယ်ယာမြေဧက တစ်ထောင်ကျော် ပါဝင်တယ်လို့ တောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ စီမံကိန်းအတွက် ကုမ္ပဏီဘက်က ခြံစည်းရိုးခတ်ရာမှာ ဝင်ရောက်တားမြစ်တဲ့ ဒေသခံတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပွားပြီး ဒေသခံ ၁ ဦး သေဆုံးခဲ့သလို ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပေါ်ပေါက်နေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသခံတောင်သူတစ်ဦးဖြစ်သူ မသန်းသန်းဌေးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဒီအတောအတွင်း လက်ပံတောင်းတောင် ပဋိပက္ခဟာ ပြင်ပပယောဂကြောင့်ဖြစ်ကြောင်းနဲ့ ဒေသခံတွေ ကို လျော်ကြေးပေးထားပြီးသားဖြစ်ကြောင်း စီမံကိန်းစုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အကောင် အထည်ဖော်ရေး ကော်မတီက မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ကို ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင်ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။