ပျောက်ဆုံးနေတဲ့ မကွေးတိုင်းရန်ပုံငွေထဲက ကျပ်သိန်း ၃ ထောင် လာရောက်ပေးအပ်
2017.05.04

မကွေးတိုင်းအစိုးရကို ပြန်လည်ပေးသွင်းဖို့ ကတိပြုထားတဲ့ ငွေတွေထဲက ကျပ်သိန်းပေါင်း ၃ ထောင်ကို ဒီကနေ့နေ့ လည် ၁ နာရီမှာ ရွှေသုခ အသေးစားငွေချေးလုပ်ငန်းက မကွေးတိုင်းအစိုးရ ဘဏ်ငွေ စာရင်းကို လွှဲအပ်ခဲ့တယ်လို့ သိရပါတယ်။ မကွေးတိုင်းအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ တိုင်းလူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးနေမျိုးကျော်က အခုလို ပြောပါတယ်။
အရင် မကွေးတိုင်းအစိုးရ လက်ထက်က ရေနံလက်ယက်တွင်း လုပ်ငန်းတွေကနေ ကောက်ခံထားတဲ့ ရန်ပုံငွေတွေ ထဲက အစိုးရသစ်ကို လွဲပြောင်းမပေးဘဲ ငွေချေးလုပ်ငန်းမှာ အသုံးပြုထားတယ်လို့ စစ်ဆေး ပေါ်ပေါက်ချက်အရ ဒီငွေတွေကို တိုင်းအစိုးရသစ်လက်ထဲ ပြန်လည်ပေးအပ်ဖို့ ပြည်ထောင်စုအစိုးရက ဧပြီလ ၈ ရက်နေ့က အကြောင်း ကြားထားတာပါ။ ရွှေသုခ ချေးငွေလုပ်ငန်းနဲ့ အရင် တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေတို့ဟာ ယာဉ်စက် ယန္တယားတွေကို ဧပြီလ ၂၉ ရက်နေ့မှာ တိုင်းအစိုးရသစ်ကို လွှဲအပ်ခဲ့ပြီး၊ ငွေတွေကိုတော့ မေလ ပထမအပတ်ထဲမှာ သိန်းပေါင်း ၅ ထောင် လွှဲအပ်မယ်လို့ ကတိပြုခဲ့တာပါ။
ဒီကနေ့ သိန်းပေါင်း ၃ ထောင် စတင်လွှဲပေးခဲ့ပြီး၊ မနက်ဖြန် မေလ ၅ ရက်နေ့မှာ နောက်ထပ် သိန်းပေါင်း ၅ ထောင် လွှဲအပ်မယ်လို့ သိရပါတယ်။