မကွေးတိုင်းအစိုးရနဲ့ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ တွေ့ဆုံ
2017.01.03

မကွေးတိုင်းအတွင်းက တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ မနေ့က ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ပြီး ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂတွေ တရားဝင်ဖဲ့ွစည်းလှုပ်ရှားခွင့်ရရှိဖို့ ဆွေးနွေးခဲ့ကြ ပါတယ်။
ကျောင်းတွေမှာ ကျောင်းသားသမဂ္ဂရုံးခန်းရရှိဖို့ နဲ့ ကျောင်းသားထုကိုအခြေခံတဲ့ ရွေးကောက်ပွဲကျင်းပခွင့်ရရှိဖို့ စတာတွေ ဆွေးနွေးခဲ့တယ်လို့ မနေ့က တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မကွေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး မထက်သဉ္ဇာသိမ့် က ပြောပါတယ်။
"ကျောင်းထဲမှာ ကျောင်းသားသမဂ္ဂဟာ တရားဝင်လှုပ်ရှားခွင့်ရရေး၊ ကျောင်းသားသမဂ္ဂရုံးခန်းရ ရှိရေး၊ ကျောင်းသားထုကို အခြေခံတဲ့ ရွေးကောက်ပွဲ ကျင်းပခွင့်ရရေးပေါ့နော်၊ အဲကိစ္စတွေ ကို ဆွေးနွေးခဲ့ပါတယ်ရှင့်။"
မကွေးတိုင်းလွှတ်တော်ရဲ့ ခြောက်လပတ်အစီရင်ခံစာမှာ မကွေးတိုင်းအတွင်း ကျောင်းသားသမဂ္ဂတွေကို လုံခြုံရေးတင်းကျပ်စွာ စောင့်ကြည့်ရေးဆိုတဲ့အချက် ပါဝင်ခဲ့တာနဲ့ ပတ်သက်ပြီး နားလည်မှုမလွဲအောင် တိုင်းအစိုးရအဖွဲ့က ရှင်းပြခဲ့တယ်လို့လည်း မထက်သဉ္ဇာသိမ့် က ပြောပါတယ်။
တွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ တိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော် က ကျောင်းသားတွေကို ရှင်းပြခဲ့တာနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။
"ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂရှိရမယ်ဆိုတဲ့ မူကို ကျနော်လက်ခံတယ် ဆိုတဲ့အကြောင်းကို ရှင်းပြခဲ့တယ်၊ ကျောင်းသားတွေအနေနဲ့လည်း ကျောင်းသားအခွင့်အရေးပိုင်းကိစ္စတွေ၊ ကျောင်းသမဂ္ဂနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းလှုပ်ရှားဆောင်ရွက်မှုကိစ္စတွေနဲ့ ပတ်သက်လာလို့ရှိရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံနိုင်မယ့် အစိုးရတစ်ရပ်ဖြစ်အောင် ကြိုးစားနေတဲ့ လက်ရှိအစိုးရမျိုး ဟာ ကျောင်းသားတွေအပေါ်မှာ ဖိနှိပ်မယ့် အစိုးရမျိုးလား ပူးပေါင်းဆောင်ရွက်နိုင်မယ့် အစိုးရမျိုး လားဆိုတာ ကျောင်းသားတွေအနေနဲ့ နားလည်ပေးဖို့ ကျနော်တို့ ရှင်းပြပါတယ်၊ သူတို့ဘက်ကလည်း ကျနော်တို့ဟာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အစိုးရမျိုးဖြစ်တယ်ဆိုတာကို သဘောပေါက်ထားတယ်ဆိုတာ ကျနော်ကို ပြန်ရှင်းပြပါတယ်။"
ဒါ့အပြင် တက္ကသိုလ်တွေမှာ ဆိုင်ကယ်တွေပျောက်တာ၊ ကျောင်းအဝင်လမ်းတွေ မိုးတွင်းမှာ ရေကြီးရေလျှံ မှုတွေ ဖြစ်ပေါ်နေတာ၊ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းတာတွေကို ဖိအားပေးခံရတာ စတဲ့ကိစ္စတွေ ကို ကျောင်းသားတွေဘက်က တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
မနေ့က တွေ့ဆုံပွဲကို မကွေးနဲ့ ပခုက္ကူမြို့တွေက ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်တွေ၊ ဆေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နဲ့ ကျန်းမာရေးတက္ကသိုလ် စတဲ့ တက္ကသိုလ် ၈ ခုက ကိုယ်စားပြုသူ ၈ ယောက် တက်ရောက် ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ တိုင်းအစိုးရအဖွဲ့တို့ ၄ လတစ်ကြိမ်လောက် တွေ့ ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြတယ်လို့လည်း တက်ရောက်ခဲ့သူတွေက ပြောပါတယ်။