လစ်လပ်ဝန်ကြီး နှစ်နေရာအတွက် ဧပြီ ၅ ရက်နေ့မှာ ဆုံးဖြတ်မည်


2018.04.03
magwe-parliament-622 မကွေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ကျင်းပခဲ့စဉ်
ဓါတ်ပုံ - ဇော်တူး /RFA

မကွေးတိုင်းအစိုးရအဖဲ့ွအတွင်း လစ်လပ်နေတဲ့ဝန်ကြီးနှစ်ဦးနေရာအတွက် ဝန်ကြီးချုပ် အမည်စာရင်းတင်သွင်း ထားသူနှစ်ဦးနဲ့ ပတ်သက်ပြီး လာမယ့် ဧပြီလ ၅ရက်နေ့မှာကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေး ဆုံးဖြတ်မယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

ကိုယ်စားလှယ်တွေက ဝန်ကြီးနှစ်ဦး အတည်ပြုခန့်အပ်နိုင်ရေးကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု သိပ်မရှိကြဘူးလို့ သရက်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင် က ပြောပါတယ်။

"ကျနော်တို့ ဒီဝန်ကြီး နှစ်ပါးနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်ဆိုရင် ဧပြီလ ၄ ရက်နေ့မှာ တင်ပေးရမယ်၊ ၅ ရက်နေ့ လွှတ်တော်မှာ ဆွေးနွေးမယ်၊ အခုလောလောဆယ်တော့ ဒီဝန်ကြီး နှစ်ပါး တင်သွင်းတဲ့ကိစ္စကို ကိုယ်စားလှယ် တွေက သိပ်စိတ်မဝင်စားဘူးခင်ဗျ၊ ကိုယ်စားလှယ်တွေကလည်း မေးခွန်းတွေနဲ့ အဆိုတွေနဲ့ ကိုယ့်ရဲ့ မဲဆန္ဒနယ် မှာရှိတဲ့အလုပ်တွေနဲ့ ရှုပ်ထွေးနေတဲ့ကိစ္စကြောင့် ဒီဝန်ကြီး နှစ်ပါးကိစ္စကိုတော့ ထူးထူးခြားခြားဆွေးနွေးမယ့် အစီအစဉ်တော့ မကြားမိပါဘူး"

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်မှာလစ်လပ်နေတဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန နေရာအတွက် အငြိမ်းစား ခရိုင်ပညာရေးမှူး ဦးမြင့်ဆွေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနေရာအတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်း တို့ကို မနေ့က အမည်စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးစိုးမြင့်နဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးနေမျိုးကျော် တို့ကို သူတို့ရဲ့ သဘောဆန္ဒအရ ဝန်ကြီးတွေရဲ့ ရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်တယ်ဆိုပြီး နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီလ ၁၀ ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဝန်ကြီးနေရာတွေအတွက် ဝန်ကြီးချုပ်က ဒုတိယအကြိမ်မြောက်အဖြစ် လွှတ်တော်ကို တင်သွင်းတာဖြစ်ပြီး အရင်တစ်ကြိမ်က တင်သွင်းခဲ့သူ ၂ ဦးကို ကန့်ကွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များတာကြောင့် ပြန်လည် ရုပ်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။

ဝန်ကြီးရွေးချယ်ရာမှာ အဆင်မပြေမှုတွေရှိခဲ့တဲ့အတွက် မကွေးတိုင်းဝန်ကြီး နှစ်နေရာ လစ်လပ်နေတာဟာ ၃ လ လောက် ကြာနေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။