မကွေးအစိုးရ ဝန်ကြီး၂နေရာ အစားထိုးခန့်အပ်
2018.04.06
၃ လကြာ လစ်လပ်နေတဲ့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဝန်ကြီး ၂ဦးနေရာအတွက် ဒီနေ့ မကွေးတိုင်းဒေသကြီး လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
မနေ့က ဝန်ကြီးတစ်ဦးကို အတည်ပြုခဲ့ပြီး ဒီနေ့ နောက်ထပ်တစ်ဦးကို အတည်ပြုလိုက်တာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး ဆောမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်းက ပြောပါတယ်။
“လွှတ်တော်ကနေ ဒီနေ့ အတည်ပြုလိုက်တဲ့ သဘောပါဗျ။ ဒီနေ့အတည်ပြုလိုက်တဲ့ ဝန်ကြီးက ဦးဝင်းမော်ဌေး။ စိစစ်ပြီး ဒီနေ့အတည်ပြုပေးလိုက်ပြီ။ ကိုယ်ရေးရာဇဝင်အချက်အလက်တွေ ဒီနေ့ တခါတည်းဝေပြီးတော့မှ စိစစ်ပြီးတော့မှ အတည်ပြုလိုက်တဲ့သဘောပဲ။ ဦးမြင့်ဆွေကိုတော့ သူ့အပေါ်မှာတော့ အထူးတလည် ဆွေးနွေးတဲ့ ကိုယ်စားလှယ်တော့ မရှိပါဘူး။ ဒီပေါ်မှာ အထွေ အထူး ပြောစရာ မရှိဘူးပေါ့လေ။ သူ့ကိုတော့ ပထမနေ့ထဲက အတည်ပြုပေးလိုက်တယ်။”
လစ်လပ်နေတဲ့ နေရာတွေကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဌာနဝန်ကြီးနဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က မကွေးတိုင်းဝန်ကြီးချုပ်က လစ်လပ်နေတဲ့ ဝန်ကြီးနှစ်နေရာအတွက် အငြိမ်းစားခရိုင်ပညာရေးမှူး ဦးမြင့်ဆွေနဲ့ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန အငြိမ်းစားညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်း တို့ကို အမည်စာရင်းတင်သွင်းခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့ ပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ မကွေးတိုင်းဝန်ကြီးချုပ်က ဦးခင်မောင်ထွန်း အမည် ကို ပြန်လည်ပယ်ချခဲ့ပါတယ်။ အဲဒီ ဦးခင်မောင်ထွန်းအစား ရန်ကုန်စက်မှုတက္ကသိုလ်က ဘွဲ့ရအင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ ဦးဝင်းမော်ဌေးကို အမည်စာရင်းအသစ် တင်ခဲ့ပြီး လွှတ်တော်က စိစစ်အတည်ပြုပေးခဲ့ တာ ဖြစ်ပါတယ်။
မူလ အမည်တင်သွင်းခံရတဲ့ ဦးခင်မောင်ထွန်းဟာ မကွေးတိုင်းဦးစီးမှူး တာဝန်ထမ်းဆောင်ခဲ့စဉ်က လက်အောက်ငယ်သားတွေကို ကြမ်းတမ်းစွာ ပြောဆိုဆုံးမမှုတွေရှိခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ် ခဲ့ပြီးနောက်မှာ ဝန်ကြီးချုပ်က အမည်စာရင်းကို ပြန်လည်ရုပ်သိမ်းသွားတာဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီးလွှတ်တော်က ဦးမြင့်ဆွေနဲ့ ဦးဝင်းမော်ဌေးတို့ကို လစ်လပ်နေတဲ့ ဝန်ကြီးနေရာတွေအတွက် တာဝန်ထမ်းဆောင်ဖို့ အတည်ပြုလိုက်တာဖြစ်ပြီး ဘယ်သူက ဘယ်ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်မလဲ ဆိုတာကိုတော့ နိုင်ငံတော်သမ္မတရုံးကသာ ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။