မကွေးတိုင်း မြိုင်မြို့နယ် ကျေးရွာများ ရေရှားပါး ပြတ်လပ်နေ

မကွေးတိုင်း၊ မြိုင်မြို့ အရှေ့ဘက် ၁၈ မိုင်လောက်ဝေးတဲ့ ကျောက်ဖူးရွာမှာ သောက်သုံးရေရှားပါး ပြတ်လပ်နေကြတယ်လို့ သတင်းရရှိပါတယ်။

2012.05.18

"စည်ပင်ရေတွင်းကလည်း ပျက်နေတာ ၁၀ လလောက်ရှိပြီ။ ပြီးခဲ့တဲ့ ၁၅ ရက်လောက်က သွားပြောတဲ့အခါမှာ ၂ ပတ်လောက် ရှိရင် လာပြင်ပါမယ် ဆိုတာလည်း မပြင်ဖြစ်သေးဘူး။ စည်ပင်ရေတွင်းကလည်း အဲ့တော့ မရဘူး။ သုံးနေကျ တစ်မိုင်လောက် ဝေးတဲ့ ကန်ကလည်း သွားခပ်နေရာမှာ အခုကျမိုးက မရွာတော့ ရေက ခပ်လို့မရတော့ဘူး။ ရွှံ့တွေချည်းပဲ ဖြစ်နေတယ်။ ကျွန်တော်တို့ သွားကြည့်တော့ ဘယ်ကမှ ခပ်လို့မရတော့၊ ကျွန်တော်တို့က နောက်နေ့မှာ အဲလို သွားလှူဒါန်းရတာပေါ့။ ကျွန်တော်တို့ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်လှူပြီးပြီ။  နှစ်ရက်လှူပြီးရင် နောက် ၂ ရက်လောက်တော့ နေလို့ရသေးတယ် ပြောတယ်။ မိုးဦးမှ မကျရင် ကျွန်တော်တို့က အဲလို အလှူရှင်တွေ ရှာပေးပြီး အဲဒီကို ပို့ပို့ပေးနေရအုံးမှာပဲ။ အခု ဒီနေ့ ဟာရောဆို ဂါလံ သောင်းငါးထောင်လောက်ရှိပြီ။ လှူဒါန်းထားတာ"

ကျောက်ဖူးကျေးရွာမှာ အိမ်ခြေ ၁၉၀ ကျော်ရှိပြီး လူဦးရေ တစ်ထောင်ကျော် နေထိုင်ကြပါတယ်။ ရွာသားတွေက နွား၊ သိုး၊ ဆိတ် မွေးမြူရေးနဲ့ ရပ်တည်နေထိုင်ကြတာ ဖြစ်ပါတယ်။

အလားတူ ကျောက်ဖူးရွာ အနီးတစ်ဝိုက်က ပျဉ်သိမ်ကြီး၊ ငါးမြောင်း၊ နတ်သွယ်ကန်၊ နှမ်းဆီကန်၊ သာစည် စတဲ့ ရွာတွေမှာလည်း စုဆောင်းထားတဲ့ သောက်သုံးရေကန်တွေ ခမ်းခြောက်လာနေလို့ မကြာခင်ရက်ပိုင်းမှာ ရေပြတ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့ ဦးအောင်ခင်ဝင်းက အခုလို ပြောပါတယ်။

"အဲဒီနားက ပျဉ်းသိမ်ကြီးတို့၊ ပြီးတော့ ငါးမြောင်းတို့၊ ရှင်မတောင် တောင်ခြေက နတ်သွယ်ကန်တို့၊ ပြီးတော့ မြိုင်ရယ်၊ တောင်ပိုင်းက နှမ်းဆီကန်တို့၊ သာစည်တို့ အဲဒီဘက်တွေဆိုလည်း အခု ဒီကျောက်ဖူးလောက်တော့ မဆိုးသေးဘူးပေါ့၊ အယ် နောက် မိုးမှ တစ်ပတ်ဆယ်ရက်အတွင်း မရွာရင် တော်တော် အခက်အခဲ ဖြစ်နိုင်တဲ့ ရွာတွေ၊ အခုလို ပြတ်လပ်တာတွေ ဖြစ်လာနိုင်တယ်။ လောလောဆယ်တော့ သူတို့ ချွေတာသုံးနေရတာပေါ့။ အခု ကဆုန်လတောင် ကျော်တော့မှာကိုး၊ ကဆုန်လဆန်း လောက်ကတည်းက ရွာရင် နည်းနည်း အဆင်ပြေသေးတာပေါ့။ အခုကျကြတော့ ကဆုန်လကွယ်အထိ မိုးက မရွာတော့ ကန်တွေမှာ ရေမဝင်၊ စက်တွင်းကလည်းပျက်"

မြိုင်မြို့နယ်မှာ အရင်နှစ်တွေက အခုလို ရေပြတ်လပ်တာမျိုး ကြုံခဲ့ရဖူးပေမယ့် အခုလို ဆိုးဆိုးဝါးဝါး အဖြစ်မျိုး မကြုံခဲ့ရဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။