ဝိနည်းမညီတဲ့ ရဟန်းသံဃာတွေကို အာဏာစက်နဲ့ အရေးယူနိုင်ရေး ဝန်ကြီး လျှောက်ထား
2018.02.20

သာသနာတော်တစ်ရပ်လုံးကို မထီမဲ့မြင်ပြုမူနေထိုင်ပြီး ဝိနည်းတော်နဲ့မညီတဲ့ ရဟန်းသံဃာတော်တွေကို ဓမ္မစက်ကနေ အာဏာစက်နဲ့ အရေးယူနိုင်ရေး ညွှန်ကြားပေးဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ဒီနေ့ ကျင်းပတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးမှာ လျှောက်ထားလိုက်ပါတယ်။
ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြင့်မှာ ကျင်းပတဲ့ ၁၆ ကြိမ်မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ပါး စုံညီ အစည်းဝေးမှာ ပြည်ထာင်စုဝန်ကြီး သူရဦးအောင်ကိုက လျှောက်ထားခဲ့တာဖြစ်ပါတယ်။
"အဆိုပါရဟန်းသာမဏေများထဲမှ အချို့သောရဟန်းသာမဏေများသည် သာသနာတော်၏ ကျေးဇူးဂုဏ်ကိုမစောင့်၊ မိမိတို့နောင်ရေးကိုလည်း သတိမရောက်ဘဲ သာသနာတော်တရပ်လုံးကို မထီမဲ့မြင် ပြုမူနေ ထိုင်ပြီး သာသနာ့ဝန်ထမ်း ရဟန်းအချင်းချင်းကိုလည်း မငဲ့၊ ဒါယကာ ဒါယိကာမများ၏ သဒ္ဓါတရားကို ဖျက်ဆီးလျက် သာမဏသာရုပ္ပမဖြစ်သော ကာယကံမှု၊ ဝစီကံမှုတို့ကို ကျူးလွန်နေကြပါသည်ဘုရား။ ထိုသို့ ကျူးလွန်နေ ခြင်းကြောင့် အခြားသီတင်းသုံးဖော် ရဟန်းကောင်း သာမဏေကောင်းတို့၏ အကျင့်သိက္ခာကို မှေးမှိန်ရာရောက်စေသည့်အပြင် မြတ်စွာဘုရားသာသနာတော် အဓွန့်ရှည်မှုကိုလည်း အန္တရာယ်ပြုရာ ရောက်နေပါသည်ဘုရား သို့ဖြစ်ပါ၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးက ထုတ်ပြန်ပြီးဖြစ်သော ညွှန်ကြားလွှာအမှတ် (၇၂) နှင့်အညီ အောက်ခြေသံဃာ့ အဖွဲ့အစည်းအဆင့်ဆင့် တို့၏ ဓမ္မစက်ကို အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်တို့၏ အာဏာစက်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ထပ်မံညွှန်ကြားသင့်ပါကြောင်း လျှောက်ထား လိုပါသည်ဘုရား"
သံဃာတော်တွေကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးက ထုတ်ပြန်ထားတဲ့ ညွန်ကြားလွှာအမှတ် ၇၂ နဲ့အညီ အရေးယူမှုတွေပြုလုပ်နိုင်တဲ့အထဲမှာ ရဟန်းသံဃာတော်တွေ သီတင်းသုံးနေတဲ့ ဘုန်းကြီးကျောင်းတွေကနေ ဖယ်ရှားခံရမယ့် ပြစ်ဒဏ်တွေ ပါဝင်ပါတယ်။
မဟန ဥက္ကဌဆရာတော်ကြီးကလည်း ဝီနည်းနဲ့မညီတဲ့ ရဟန်းသံဃာတော်တွေကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးက ထုတ်ပြန်တဲ့ ညွန်ကြားလွှာအမှတ်(၇၂) နဲ့အညီ ဆောင်ရွက်ဖို့ သြဝါဒပေးခဲ့ပါတယ်။
ဒါ့အပြင် မဟန ဥက္ကဌ တာဝန်ကနေ နှုတ်ထွက်ဖို့ ဆရာတော်ကြီးက အစည်းအဝေးမှာ ဆရာတော် ၄၇ပါးရဲ့ သဘောထားကိုယူခဲ့ရာမှာ နှုတ်ထွက်ဖို့ သဘောမတူကြပါဘူး။