ဗုဒ္ဓဓမ္မ ပရဟိတအဖွဲ့ဟာ တရားမဝင်ဖြစ်ကြောင်း မဟန ထုတ်ပြန်


2018.07.22
mahana-meeting-622.jpg နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ အစည်းဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့စဉ်
Photo: Htet Arkar/ RFA

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း မဘသ ကို အမည်ပြောင်းလဲ ဖွဲ့စည်းထားတဲ့ ဗုဒ္ဓဓမ္မ ပရ ဟိတ အဖွဲ့ဟာ တရားမဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနအနေနဲ့ မဟန အဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။

"နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့ကနေပြီးတော့ သြဝါဒခံဖို့ တင်ပါ တယ် ခင်ဗျ၊ တင်တဲ့အပေါ်မှာ မူတည်ပြီးမှ နိုင်ငံတော် သံဃနာယကဆရာတော်များ အစည်းအဝေး ကနေပြီး ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ သံဃစည်းမျဉ်းအပိုဒ် အခန်း ၂ အခန်း ၃ ရဲ့အချက်တွေနဲ့ မညီညွတ်ခြင်း၊ နောက် ကျနော်တို့ ၂၀/ ၉၀ မှာပါတဲ့ အခန်း ၃ နဲ့ မညီညွတ်ခြင်းကြောင့် ကျနော်တို့ အဲဒီဟာကို မဟန ဆရာတော်ကြီးက ဆုံးဖြတ်ပြီးတော့ ဆောင်ရွက်ခြင်းဖြစ်ပါတယ် ခင်ဗျ။ နိုင်ငံတော် သံဃနာယက သံဃကိစ္စ သံဃာ ဆောင်ရွက်ခြင်း ဖြစ်ပါတယ် ခင်ဗျ။ နိုင်ငံတော် သံဃနာယကက ဆုံးဖြတ်ချက်ချပြီး ဖြစ်ပါတယ်။ ၁၉၈၁ ဂိုဏ်းပေါင်းစုံ စည်းမျဉ်းမူအတိုင်းပဲ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်"

ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေမှာ ဇူလိုင်လ ၂၀ ရက်နေ့က  နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ရက်နေ့က ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးက ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့က မဟနရဲ့ လမ်းညွှန်မှု တောင်းခံထားတာကို ပယ်ဖျက်ဖို့၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း အဖွဲ့ဟာ တရားမဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ကြောင်းနဲ့ အဲဒီ အဖွဲ့အမည်ကို သုံးစွဲပြီး မည်သည့် အမှုကိစ္စမှ ဆောင်ရွက်ခြင်း မပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင်  မြန်မာနိုင်ငံအနှံ့မှာ စိုက်ထူးထားတဲ့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေး ရှင်း (ဗဟို) ဆိုင်းဘုတ်တွေကို အခုလို ဆုံးဖြတ်ချက်ချပြီး တစ်လခွဲ သို့မဟုတ် ၄၅ ရက်အတွင်းမှာ ဖြုတ်ချဖို့၊  ဆုံးဖြတ်ချက်တွေကို မလိုက် နာဘူးဆိုရင် ရဟန်းဖြစ်ပါက သံဃအဖွဲ့အစည်း ဆိုင်ရာ ဥပဒေ ၂၀/၉၀ နဲ့ အရေးယူမှာ ဖြစ်သလို လူပုဂ္ဂိုလ် ဆိုရင်လည်း တည်ဆဲဥပဒေတွေနဲ့ အညီ အရေးယူသွားမှာ ဖြစ်တယ်ဆိုတဲ့ အချက် ၅ ချက်ကို ဆုံးဖြတ်ခဲ့ပါတယ်။

မဟနရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အမျိုဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့ကလည်း ဇူလိုင်လ ၂၁ ရက်နေ့ မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ မဟနဆရာတော်တွေရဲ့ တိုက်တွန်းချက်အရ လမ်းညွှန်ချက်တောင်းခံတာ ဖြစ်ပြီး သြဝါဒ ခံယူတာမျိုး ခွင့်ပြုချက်ယူတာမျိုးမဟုတ်ကြောင်း၊ မဟနရဲ့ ဆုံးဖြတ်ချက်ကြောင့် သံဃာအချင်းချင်း ကွဲပြားမှု အုံကြွမှုမျိုး ဖြစ်ပေါ်ခဲ့မယ်ဆိုရင် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန မဟန အဖွဲ့ရဲ့ တာဝန်သာဖြစ်ကြောင်း ပါရှိပါတယ်။

ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ဟာ ဥပဒေနဲ့ အညီသွားနေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ဆက်လက် လုပ်ဆောင်သွားမှာဖြစ်သလို ပြီးခဲ့တဲ့ မဘသ ဆိုင်းဘုတ်ဖြုတ်ချပေးခိုင်းချိန်မှာလည်း ကရင်ပြည်နယ်နဲ့ မန္တလေးမှာ ဖြုတ်ချခြင်းမရှိတာကို တွေ့ရတဲ့အတွက် ဥပဒေနဲ့ ညီနေလို့သာ လုပ်လို့မရတာလို့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းရဲ့ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်တဲ့ ဦးသောပါက က မိန့်ပါတယ်။

ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့ဝင်တွေဆီက လက်မှတ်တွေကို ကောက်ခံသွားမှာဖြစ်ပြီး ရရှိလာတဲ့ လက်မှတ် တွေအပေါ်မူတည်ပြီး အဖွဲ့ကို ဖြုတ်သင့် မဖြုတ်သင့် ဆုံးဖြတ်သွားမှာဖြစ်ပြီး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကို ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်လို့ မိန့်ပါတယ်။

မဘသအဖွဲ့ဟာ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အမည်နဲ့  ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းက ပြောင်းလဲဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ မဘသ အဖွဲ့ရဲ့ ဆိုင်းဘုတ်နာမည်တွေကိုလည်း  ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှာ အပြီးဖြုတ်သိမ်း ဖို့ မဟနက ညွှန်ကြားခဲ့တာတွေရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။