မြစ်ဆုံကို လူထုဆန္ဒနဲ့ဆန့်ကျင်ပြီး မလုပ်ဖို့ ခရစ်ယာန်ခေါင်းဆောင်တွေ တင်ပြ


2019.02.05
minaunghlaing-kbc-622.jpg ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ မြစ်ကြီးနားမြို့မှာ ၂၀၁၉ ဖေဖော်ဝါရီ ၅ ရက်နေ့က တွေ့ဆုံစဉ်
Photo: KBC Kachin

မြစ်ဆုံစီမံကိန်းကို လူထုဆန္ဒသဘောထားနဲ့ ဆန့်ကျင်ပြီး မလုပ်ဖို့ ဘာသာရေးခေါင်းဆောင်တွေက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ဒီနေ့ တင်ပြလိုက်ပါတယ်။

ဒီနေ့မနက်က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ၊ ကက်သလစ်အသင်းတော်က ဆရာတော်တွေဟာ မြစ်ကြီးနားမြို့ မှာရှိတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မလိခရိပ်သာမှာ ဒီနေ့မနက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တေ့ွဆုံစဉ် တင်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။

မြစ်ဆုံနဲ့ပတ်သက်လို့ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့ အသံကို နားထောင်ပြီး လုပ်ဆောင်မှာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြန်လည်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိဖို့၊ စစ်ဘေးရှောင်ပြည်သူတွေ နေရပ်မှာ အေးချမ်းလုံခြုံစွာ ပြန်လည်အခြေချနေထိုင်နိုင်ဖို့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကောင်း၊ မိုးညှင်း၊ အင်းတော်ကြီး၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူးနဲ့ မချမ်းဘောမြို့တွေကို သွားရောက်ကာ တပ်မိသားစုဝင်တွေ၊ ဒေသခံတွေ၊ ဌာနေပြည်သူ့စစ်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဦးတူးမိုင်၊ ကက်သလစ်အသင်းတော်က မြစ်ကြီးနား ဂိုဏ်းအုပ် ဆရာတော်ကြီး ဖရန်စစ်ဒေါ့တန်၊ ဖာတာနော်ဒင့်၊ ဖာသာနော်လတ်နဲ့ သာသနာ့အကျိုးဆောင် အတွင်းရေးမှူး ဆရာနော်ဆိုင်းတို့နဲ့ တွေ့ဆုံခဲ့တာပါ။

ဖာသာ နော်လတ် က မြစ်ဆုံရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တင်ပြခဲ့တဲ့အကြောင်း အခုလိုပြောပါတယ်။

"ကျနော်တို့ ကက်တလစ် အသင်းတော်က လူထုရဲ့ သဘောထားကို ဆန့်ကျင်ပြီးတော့ ဘာမှမလုပ်ဖို့ ဆွေးနွေးပါတယ်။ လူထုနဲ့အတူ ရပ်တည်သွားမယ်ဆိုတဲ့အကြောင်းကိုလည်း ပြောပါတယ်။ ကက်တလစ် အသင်းတော်အနေနဲ့ ဖာတာနော်ဒင့် အနေနဲ့ ဆက်ပြီးပြောတာက မြစ်ဆုံရေကာတာကို ဆောက်မယ်ဆိုရင်တော့ ကချင်ဆိုတဲ့ဟာလည်း ပျောက်သွားမယ်၊ ပျောက်သွားနိုင်တယ်ပေါ့နော်။ မဆောက်သင့်တဲ့အကြောင်း ဒါကိုပြန်စဉ်းစားပေးဖို့ သက်ဆိုင်တဲ့လူတွေကို ပြန်စဉ်းစားပေးဖို့ပြောပါတယ်။ ကာချုပ်အနေနဲ့ ကျနော်တို့ကို ပြန်ပီးဆွေးနွေးတဲ့အထဲမှာ ဒါလူထုရဲ့ဆန္ဒကိုကျော်လွန်ပြီး လုပ်ဖို့ဆိုတာကတော့ မဖြစ်နို်င်တဲ့ကိစ္စဖြစ်တယ်။ အရမ်းခက်ခဲတဲ့ကိစ္စလည်းဖြစ်တယ်။ ဒါကို ပြန်စဉ်းစားပေးဖို့နဲ့ သူတို့ဘက်က အကောင်းဆုံးပြောစရာရှိတာ ဆွေးနွေးမယ်ဆိုတာလည်း ပြောပါတယ်။ ဒါကတော့ လွှတ်တော်မှာဆွေးနွေးရမယ့်ကိစ္စဖြစ်တဲ့အတွက် ဆွေးနွေးမယ်၊ လုပ်ပေးမယ်။ သူပြောသွားတဲ့ အချက်ထဲမှာတော့ လူထုရဲ့ဆန္ဒကို ဆန့်ကျင်ပြီး ကျော်ပြီး လုပ်ဖို့ဆိုတာ အရမ်းခက်ပါတယ်ဆိုတာတော့ ပြောသွားပါတယ်"

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဦးတူးမိုင် က အခုလိုပြောပါတယ်။

"နှစ်ဖက်က အာမခံချက်ရှိတဲ့ သဘောတူပြီးတော့ ပြန်နိုင်ဖို့ ခုန သူတို့ ၂၀၁၃ သဘောတူထားတဲ့အထဲမှာလည်း အဲဒါပါပါတယ်။ အဲဒီ ၄ နေရာဆိုတာက ၂ ဖက်သဘောတူပြီးမှ ပြန်ဖို့ပေါ့ ။ ဒါမှမဟုတ်ရင်တော့ စစ်ရှောင်တွေ တစ်ခေါက်ပြန်လိုက် ပြန်ပြေးလိုက်နဲ့ သူတို့ ဒုက္ခရောက်တာတွေ အများကြီးရှိတော့ အဲဒီအကြောင်းအရာတွေကို တင်ပြခဲ့ပါတယ်"

တပ်မတော်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ ကြေညာထားတဲ့အတိုင်း စစ်ဆင်းရေးရပ်ဆိုင်းတာကို လိုက်နာဆောင်ရွက်ဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးဖို့တို့ကိုလည်း တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အစိုးရ၊ တပ်မတော်၊ စစ်ဘေးဒုက္ခသည် ကူညီရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်ဖို့လည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်မတော်က အပစ်ခတ်ရပ်ဆိုင်းထားချိန်မှာ NRPC ၊ တပ်မတော်နဲ့ KIO တို့ အမြန်ဆုံး တွေ့ဆုံပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိအောင် ဆွေးနွေးဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။

ဘာသာရေးခေါင်းဆောင်တွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အခုလိုတွေ့ဆုံဆွေးနွေးမှုကနေ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့ နဲ့ စစ်ဘေးဒုက္ခသည်တွေ လုံခြုံစွာ နေရပ်ပြန်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။