မလေးရှားရောက် မြန်မာနိုင်ငံသားငါးဦး အဖမ်းခံရ
2023.12.28

မလေးရှားနိုင်ငံ ပါဟန်းပြည်နယ်မှာ နေထိုင်ခွင့်အထောက်အထား မပြနိုင်တဲ့ မြန်မာနိုင်ငံသား ငါးဦးကို ဒီဇင်ဘာ ၂၈ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း ပါဟန်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) က အရာရှိတွေဟာ သတင်းပေးတိုင်ကြားချက်အရ ဒီဇင်ဘာ ၂၈ ရက်နေ့မနက်က ပါဟန်းပြည်နယ်မှာ အော်ပရာစီလို့ခေါ်တဲ့ ရှောင်တစ်ခင် ဝင်ရောက်စစ်ဆေးဖမ်းဆီးချိန် နေထိုင်ခွင့်အထောက်အထား မပြနိုင်နဲ့ မြန်မာနိုင်ငံသား ငါးဦးအပါအဝင် ထိုင်းနိုင်သား ခုနစ်ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခုနစ်ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသား ခြောက်ဦးတို့ကို ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အဲဒီသူတွေဟာ မလေးရှားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းတွေကို ကျူးလွန်သူတွေလို့ ယူဆရကြောင်းလည်း ပြောပါတယ်။
ဖမ်းဆီးရမိသူတွေကို ဆက်လက်စုံစမ်းစစ်ဆေးနိုင်ဖို့ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို ခေါ်သွားတယ်လို့လည်းဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူ ကိုတာရာယာမှာရှိတဲ့ ဈေးဆိုင်တန်းတွေကို အာဏာပိုင်တွေ အပါအဝင် အထူးရဲတပ်ဖွဲ့ဝင် တစ်ထောင်ကျော်က အော်ပရာစီလို့ခေါ်တဲ့ ရှောင်တစ်ခင် ဝင်ရောက်ဖမ်းဆီးချိန်မှာ မြန်မာနိုင်ငံသား ငါးဆယ်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီထဲက နေထိုင်ခွင့်အထောက်အထားပြနိုင်သူ တချို့တော့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် မလေးရှားကို တရားဝင်ရော၊ တရားမဝင်နည်းလမ်းတွေနဲ့ နေ့စဉ်လာရောက်သူ များစွာရှိနေပြီး အဖမ်းအဆီးအစစ်အဆေးများနေချိန်မှာ သတိနဲ့နေထိုင်ကြဖို့ကိုလည်း မလေးရှားရောက် မြန်မာတွေက သတိပေးထားကြပါတယ်။